Monday 6 August 2012

သစ္စာလေးပါးတရားမြတ်

သစ္စာလေးပါးဆိုရင် များသောအားဖြင့် သိဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင်များ သိရှိပြီးသားဖြစ်ကြမှာပါ၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ လို့ အသံကြားလိုက်တာနဲ့ အားလုံးသိရှိပြီးသား ဖြစ်ပါတယ်၊ အဲဒီ သစ္စာတရားများကိုလည်း ခွဲခြားဝေဖန်ပြီးသိရှိ နားလည်ကြဖို့ အရေးပါတယ် လို့ ယူဆရတဲ့ အတွက်ကြောင့်၊ ဘုန်းကြီးတို့ ဥာဏ်မှီသလောက် ဝိသုဒ္ဓိမဂ်မှာလာတဲ့ သစ္စာအကြောင်းကို မှီးငြမ်းပြီးတင်ပြချင်ပါတယ်။
သစ္စာလေးပါးကို စာသံပေသံနဲ့ တိတိကျကျလေး ပြောရရင်တော့ ဒုက္ခအရိယသစ္စာ, ဒုက္ခသမုဒယ အရိယသစ္စာ, ဒုက္ခနိရောဓ အရိယသစ္စာ,ဒုက္ခနိရောဓသို့ဆိုက်ရောက်သည့်အကျင့်ပဋိပဒါဟူသောမဂ္ဂအရိယသစ္စာ၊များဖြစ်ကြပါတယ်။သစ္စာလေးပါးအနက်မှ၊
ဒုက္ခသစ္စာ စတဲ့လေးပါးလုံးရဲ့ အနက်သဘောကို ဃနသေချာစွာသိရှိစေဖို့ အတွက် ၊

၁။ ။ ဒုက္ခသစ္စာ ရဲ့သဘောကား (က) ပီဠနဋ္ဌ = နှိပ်စက်ခြင်းသဘော၊ (ခ) သင်္ခတဋ္ဌ = ပေါင်းစု၍ပြုအပ်သောသဘော၊ (ဂ) သန္တာပဋ္ဌ = ပူလောင်စေခြင်းသဘော၊ (ဃ) ဝိပရိဏာမဋ္ဌ = ဖောက်ပြန်ခြင်းသဘော၊ ဒုက္ခသစ္စာ၏ ဤလေးပါးသော ဒုက္ခအနက် သဘောတရား များမှာ မှန်ကန်သောသဘောတရား၊ မချွတ်ယွင်းသောသဘောတရား ဤသဘောတရားမှ အခြားအခြင်းအရာမရှိဟုမှတ်သားသင့်၏။
၂။ ။ သမုဒယသစ္စာရဲ့ သဘောကား (က) အာယူဟနဋ္ဌ = အား ထုတ်ခြင်းသဘော၊ (ခ) နိဒါနဋ္ဌ = ဆင်းရဲ၏ အကြောင်းသဘော၊
(ဂ) သံ ယောဂဋ္ဌ = ဆင်းရဲနှင့်ယှဉ်စေခြင်းသဘော၊ (ဃ) ပလိ ဗောဓဋ္ဌ = နှောင့်ယှက်တားမြစ်ခြင်းသဘော တရားများဖြစ်ပါတယ်။
၃။ ။ နိရောဓသစ္စာရဲ့ သဘောကား (က) နိဿရဏဋ္ဌ = ထွက်မြောက်ခြင်းသဘော၊ (ခ) ဝိဝေကဋ္ဌ = သင်္ခါရတို့မှ
ကင်းဆိတ်ခြင်းသဘော၊ (ဂ) အသင်္ခတဋ္ဌ = မပြုအပ်သောသဘော၊ (ဃ) အမတဋ္ဌ = မသေမပျက်ခြင်းသဘော တရားများဖြစ်ပါတယ်။
၎။ ။ မဂ္ဂသစ္စာရဲ့ သဘောကား (က) နိယျာနဋ္ဌ = ထွက်မြောက်ကြောင်းသဘော၊ (ခ) ဟေတုဋ္ဌ (ခ) နိဗ္ဗာန်ရောက်ကြောင်းသဘော၊
(ဂ) ဒဿနဋ္ဌ = နိဗ္ဗာန် ကို မျက်မှောက်မြင်ခြင်းသဘော၊ (ဃ) အာဓိပတေယျဋ္ဌ = အကြီးအမှူးဖြစ်ခြင်းသဘော တရားများဖြစ်ပါတယ်။
ယခုပြဆိုပြဆိုခဲ့တဲ့ သဘောတရားများသည် သစ္စာလေးပါး ကို လေးပါး လေးပါးစီ ဝေဘန်ပြထားသည့် အစွမ်းအားဖြင့် မှတ်သားသင့်တဲ့
အဆုံးအဖြတ်ဖြစ်ပါတယ်။

သဒ္ဒါနက် လက္ခဏာအစရှိသော အပြားအားဖြင့် လည်း သစ္စာလေးပါးကို လေ့လာကြဦးစို့ ။ ။
၁။ ။ ဒုက္ခသစ္စာ = ဒုက္ခ ဟူသောပုဒ်၌ ဒု-ဟူသော သဒ္ဒါသည် စက်ဆုပ်ဖွယ်အနက်ဖြစ်တယ်။ ဥပမာ = စက်ဆုပ်ဖွယ် သားဆိုးကို ဒုပုတ္တ-ဟုဆိုကြသလိုမျိုး။ ခံ-သဒ္ဒါ သည် အချည်းနှီးဟူသောအနက် မှာဖြစ်တယ်။ ဥပမာ = အချည်းနှီး ကောင်းကင်ကို ခံ-ဟု ဆိုကြ၏။
ဤ ဒုက္ခသစ္စာ သည်လည်း များစွာသော ဥပဒ္ဒဝေါ တို့၏ တည်ရာ ဖြစ်သောကြောင့် စက်ဆုပ်ဖွယ်ကောင်း၏၊ မသိမလိမ္မာသူတို့ ကြံဆထားသော ခိုင်မြဲခြင်း, တင့်တယ်ခြင်း, ချမ်းသာခြင်း, အတ္တအဖြစ်တို့မှ ကင်းခြင်းကြောင့် အချည်းနှီးဖြစ်၏၊ ထိုသို့ စက်ဆုပ်ဖွယ်ကောင်းခြင်း အချည်းနှီးဖြစ်ခြင်း ကြောင့် ဒုက္ခ-ဟု ဆိုအပ်၏။ ဒါကြောင့် ယောဂီများအနေဖြင့် ဤဒုက္ခသစ္စာကို စက်ဆုပ်ဖွယ်ရာအချည်းနှီးဖြစ်တဲ့သဘောတရား ဟုမှတ်သားသင့်ပါတယ်။

၂။ ။ သမုဒယသစ္စာ = သမုဒယ ဟူသောပုဒ်ကို ၊ သံ+ဥ+အယ ။ ဦးစွာနားလည်ထားရပါမယ် ၊ သံ-ဟူသော သဒ္ဒါသည် ''(သမာဂမော) တွေ့ဆုံခြင်း, (သမေတံ)တကွဖြစ်သည်'' အစရှိသောပုဒ်တို့၌ ယှဉ်ခြင်းကိုပြ၏။ ဥ-ဟူသော ဤသဒ္ဒါသည် ''(ဥပ္ပန္နံ) ဖြစ်သည် (ဥဒိတံ) ဖြစ်သည်'' အစရှိ သောပုဒ်တို့၌ ဖြစ်ခြင်းကိုပြ၏။ အယ-သဒ္ဒါသည် အကြောင်းကိုပြ၏။ ဤဒုတိယသစ္စာသည်လည်း ကြွင်းသော (ကုသိုလ် အကုသိုလ်ကံ) အကြောင်းနှင့် ယှဉ်ခြင်းရှိလျှင် ဒုက္ခသစ္စာဖြစ်ခြင်း၏ အကြောင်းဖြစ်၏။ ဤသို့ အခြားအကြောင်းနှင့်ယှဉ်လျှင် ဒုက္ခဖြစ်ခြင်း၏ အကြောင်း ဖြစ်သောကြောင့် ဒုက္ခသမုဒယ- ဟုမှတ်သားသင့်ပါတယ်။

၃။ ။ နိရောဓသစ္စာ = နိ-သဒ္ဒါသည် မရှိခြင်းကိုပြ၏၊ ရောဓ-သဒ္ဒါသည် နှောင်အိမ်-ထောင်ကိုပြ၏၊ ထို့ကြောင့် ဤ နိဗ္ဗာန်၌ ဂတိအားလုံး ဆိတ်သုဉ်းသောကြောင့် သံသရာနှောင်အိမ်ဟု ဆိုအပ်သော (ဒုက္ခရောဓ) ဒုက္ခထောင်မရှိ၊ (ဤ အကြောင်းကြောင့်) တတိယသစ္စာကို ဒုက္ခနိရောဓ-ဟူ၍ ဆိုအပ်၏။
နည်းပြောရမယ်ဆိုရင် ထို နိဗ္ဗာန်ကိုရလျှင်သိလျှင် သံသရာနှောင် အိမ်ဟု ဆိုအပ်သော (ဒုက္ခရောဓ) ဒုက္ခထောင် ၏ မရှိခြင်း ကင်းခြင်းဖြစ်၏ (ဘာ့ကြောင့်လဲဆိုတော့)-ထိုဒုက္ခရောဓ၏ ဆန့်ကျင် ဖက် ဖြစ်သောကြောင့်ပင်၊ ဤသို့သော အကြောင်းကြောင့်လည်း ဒုက္ခနိရောဓ-ဟူ၍ ဆိုအပ်၏။ တနည်းကား ဒုက္ခ၏ မဖြစ်ခြင်းဟူသော ချုပ်ခြင်း၏ အကြောင်းဖြစ်သောကြောင့် ဒုက္ခနိရောဓမည်၏။

၎။ ။ မဂ္ဂသစ္စာ = ဤစတုတ္ထသစ္စာသည် အာရုံပြုသည့် အလိုအားဖြင့် ထိုဒုက္ခနိရောဓသို့ ရှေးရှုဖြစ်ခြင်းကြောင့်(ဒုက္ခနိရောဓ) ဒုက္ခချုပ်ရာသို့ (ဂစ္ဆတိ-ဂါမိနီ)သွားရောက်တတ်၏၊ ဒုက္ခနိရောဓသို့ ရောက်ခြင်း၏ အကြောင်းဖြစ်သော အကျင့် ပဋိပဒါလည်းဖြစ်၏၊ ထို့ကြောင့် စတုတ္ထသစ္စာကို ဒုက္ခနိရောဓဂါမိနီပဋိပဒါ-ဟူ၍ ဆိုအပ်၏။

လက္ခဏာအစရှိသော အပြားအားဖြင့် လည်း သစ္စာလေးပါးကို လေ့လာကြဦးစို့ ။ ဤသစ္စာလေးပါးတို့တွင်
၁။ ။ ဒုက္ခသစ္စာသည် နှိပ်စက်ခြင်းလက္ခဏာရှိ၏၊ ပူလောင်စေခြင်းကိစ္စရှိ၏၊ မပြတ်ဖြစ်နေခြင်းသဘောဟု ဉာဏ်အားရှေးရှုထင်၏။
၂။ ။ သမုဒယ သစ္စာသည် ဆင်းရဲ၏ အစဖြစ်ခဲ့ရာ အကြောင်းလက္ခဏာရှိ၏၊ ဒုက္ခမပြတ်စဲအောင် ပြုခြင်းကိစ္စရှိ၏၊ နှောင့်ယှ က် တားမြစ် သည့် အနေအားဖြင့် ဉာဏ်အားရှေးရှုထင်၏။
၃။ ။ နိရောဓသစ္စာသည် ငြိမ်းအေးခြင်းလက္ခဏာရှိ၏၊ မရွှေ့လျောခြင်း မသေ မပျက်ခြင်းဟူသော ပြည့်စုံသောဂုဏ်ရှိ၏၊ ဝါ-မသေမပျက်ခြင်းကိစ္စရှိ၏၊ ပုံသဏ္ဌာန် အရိပ်နိမိတ်ကင်းသောအားဖြင့် ရှုသိ ဉာဏ်အား ရှေးရှုထင်၏။
၎။ ။ မဂ္ဂသစ္စာသည် ထွက်မြောက်ကြောင်း လက္ခဏာရှိ၏၊ ကိလေသာကို ပယ်ခြင်းကိစ္စရှိ၏ ၊ ထမြောက်သည့်အနေဖြင့် ဉာဏ်အားရှေးရှုထင်၏။
တနည်း = ဤသစ္စာလေးပါးတရားတို့သည် အစဉ်အတိုင်း မပြတ်ဖြစ် နေခြင်း (ပဝတ္တိ)မပြတ်ဖြစ်စေတတ်သော (ပဝတ္တန) ဆုတ်နစ်ရပ်စဲခြင်း (နိဝတ္တိ) ဆုတ်နစ် ရပ်စဲစေတတ်သော (နိဝတ္တန) လက္ခဏာ ရှိကုန်၏။ ထို့အတူ အစဉ်အတိုင်း သင်္ခတလက္ခဏာ, တဏှာလက္ခဏာ, အသင်္ခတလက္ခဏာ, နိဗ္ဗာန်ကိုမြင်ခြင်း ဒဿနလက္ခဏာ ရှိကုန်၏။

အနက်သဘောအားဖြင့်လည်း သစ္စာတရားမြတ်တို့ကို သိထားသင့်ပါသည်၊ အတ္ထအားဖြင့် သစ္စဋ္ဌ- သစ္စာ၏ အနက်သဘောများမှာကား = အကြင်သဘောသည် ပညာမျက်စိဖြင့် စူးစူးစိုက်စိုက် ရှုဆင်ခြင်ကုန် သော ပညာရှိတို့အား မျက်လှည့်ကဲ့သို့ ဖောက်ပြန်မှားယွင်းသည်လည်း မဟုတ်၊ တံလှပ်ကဲ့သို့ ချွတ်ယွင်းစေသည်လည်း မဟုတ်၊ တိတ္ထိတို့၏ အတ္တကဲ့သို့ မရအပ်သော သဘောအထည်ကိုယ် ရှိသည်လည်းမဟုတ် ၊ စင်စစ်အားဖြင့်မူ နှိပ်စက်ခြင်း, အမွန်အစအကြောင်း, ငြိမ်းအေးခြင်း, ထွက်မြောက်ကြောင်း အပြားအားဖြင့် မှန်သည်၏အဖြစ်, မဖောက်ပြန်သည်၏အဖြစ်, အဟုတ်ရှိသည်၏အဖြစ်ဖြင့် အရိယဉာဏ်၏ ကျက်စားရာ အာရုံ ဖြစ်သည်သာတည်း။ မီး၏ပူခြင်းသဘောကဲ့သို့၎င်း, လောက၏ အိုခြင်းစသော ပင်ကိုသဘောကဲ့သို့၎င်း ဤမှန်သော မဖောက်ပြန်သော အဟုတ်ရှိသော သဘောကို သစ္စဋ္ဌ-သစ္စာ၏ အနက်သဘောဟူ၍ သိအပ်၏။
မြတ်စွာဘုရားဟောတော် မူသည်မှာ-''ရဟန်းတို့ ဤသည်ကား ဆင်းရဲတည်းဟူသော ဤသဘောသည်မှန်၏၊ ဤသဘောသည် မချွတ်ယွင်း ဤ သဘောမှာ အခြားအခြင်းအရာမရှိ''
တနည်းသော်ကား-
ဒုက္ခသည် မနှိပ်စက်တတ်သည် မရှိ (နှိပ်စက်တတ်သည် သာတည်း)၊ ဒုက္ခမှတပါးသော တရားသည် မနှိပ်စက်တတ် (ဒုက္ခသည်သာ နှိပ်စက်တတ်၏)၊ ထို့ကြောင့် ဒုက္ခ၌ နှိပ်စက်တတ်ခြင်း၏ ကိန်းသေမြဲခြင်း, နှိပ်စက် တတ်ခြင်း၌ ဒုက္ခ၏ ကိန်းသေမြဲခြင်းအားဖြင့် ဤဒုက္ခကို သစ္စာ-အမှန်တရားဟု ယောဂီများသိမှတ်ရပါမယ်။
သမုဒယသစ္စာ = ထိုတဏှာကို ကြဉ်၍ အခြားတရားကြောင့် ဒုက္ခသည် မဖြစ် (ထိုတဏှာကြောင့်သာ ဖြစ်သည်)၊ ထိုဒုက္ခ သည်လည်း ထိုတဏှာကြောင့် မဖြစ်သည်မဟုတ် (ဖြစ်သည်သာ)၊ ထို့ကြောင့် တဏှာ၌ ဒုက္ခ၏ အကြောင်းဖြစ်ခြင်း ၏ ကိန်းသေမြဲခြင်း ဒုက္ခအကြောင်းဖြစ်ခြင်း၌ တဏှာ၏ ကိန်းသေမြဲခြင်းအားဖြင့် တဏှာကို သစ္စာအမှန်တရားဟု သိအပ်၏။
နိရောဓသစ္စာ = နိဗ္ဗာန်မှတပါး ငြိမ်းအေးခြင်းမည်သည် မရှိ (နိဗ္ဗာန်သည်သာလျှင် ငြိမ်းအေး၏)၊ ထိုနိဗ္ဗာန်သည်လည်း မငြိမ်းအေးသည်မဟုတ် (ငြိမ်းအေးသည်သာတည်း)၊ ထို့ကြောင့် နိဗ္ဗာန်၌ ငြိမ်းအေးခြင်း၏ ကိန်းသေမြဲခြင်း, ငြိမ်းအေးခြင်း၌ နိဗ္ဗာန်၏ ကိန်းသေမြဲခြင်းအားဖြင့် ဤ နိဗ္ဗာန်ကို သစ္စာ-အမှန်တရားဟု သိအပ်၏။
မဂ္ဂသစ္စာ = အရိယမဂ်မှတပါး ထွက်မြောက်ကြောင်း မည်သည် မရှိ (အရိယမဂ်သည်သာ ထွက်မြောက်ကြောင်း ဖြစ်သည်)၊ ထိုအရိယမဂ်သည်လည်း ထွက်မြောက်ကြောင်းမဖြစ်သည်မဟုတ် (ဖြစ်သည်သာတည်း)၊ ဤသို့ မချွတ် ဧကန် ဟုတ်မှန်သော ထွက်မြောက်ကြောင်းဖြစ်ခြင်းကြောင့် ထိုအရိယမဂ်ကို သစ္စာ-အမှန်တရားဟု သမုတ်အပ်ခေါ် ဆိုအပ်၏။


ဤသစ္စာတို့ကိုဘုရားအစရှိကုန်သောအရိယာတို့သည်ထိုးထွင်း၍သိကုန်၏၊ထို့ကြောင့်အရိယာသစ္စာတို့ဟူ၍ဆိုအပ်ကုန်၏။

သံစဉ်..........ဓမ္မစာစု

ဘဝရဲ့ တစ်စိတ်တဒေသ သံစဉ်လေးများ

ငါတို့လေးစား ကြည်ညို ချစ်ခင်ရတဲ့ ဆရာကြီး ဟောပြောနေကြ စကားလေး တစ်ခုရှိပါတယ် ၊ အဲ့ဒါ ဘာလဲဆိုတော့…… အတိတ်ကိုတွေး မဆွေးလေနဲ့ အတိတ်ဆိုတာ ပြန်မလာဘူး တဲ့……. မှန်ပါတယ် အတိတ်ဆိုသည်မှာ အနာဂါတ်ကို သယ်ဆောင်လို့ရကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့… ဘဝသမိုင်းစာမျက်နှာတိုင်းမှာတော့ ၊ အတိတ်တွေရှိခဲ့ကြလို့သာလျှင် ပစ္စုပ္ပန်နဲ့ အနာဂါတ်တို့ မွေးဖွား လာရခြင်း ဆိုလျှင် ပိုမှန်ကန်ပါလိမ့်မယ် ၊ အနာဂါတ်ကို ခရီးဆက်ဖို့ အတွက် အတိတ်ရဲ့ သမိုင်းစာမျက်နှာကိုတော့ ပြန်လည်ငေးမောရစမြဲပါပဲ…………………………………
အချိန်ကို နေ့စား ၊ နေ့ကို လစား ၊ လကို နှစ်စားလို့ ၊ ဘဝရဲ့ အချိန်တွေ ကုန်ဆုံးခဲ့ကြပေမဲ့ ရင်ထဲမှာတော့ ရက် ၊ လ ၊ နှစ် ၊တွေကို လွမ်းမောတမ်းတနေဆဲပါပဲ ၊ လွမ်းတဲ့ စိတ်ကို ဖြေသိပ်ဖို့ အတွက် အားအင်လျှော့နဲတဲ့ လက်တစ်စုံနဲ ဘဝ သမိုင်းစာမျက်နှာကို ၊ ပြန်လှန်ကြည့်မိသော အခါ……………………..

သမိုင်းစာမျက်နှာ(၁)

နာကျင်မှု့ ခါးသီမှု့တို့ကို မရင့်ကျတ် မတည်ငြိမ်သေးတဲ့ အချိန် ၊ လွတ်မြောက်မှု့ ဝိမုတ္တိရသကို ရှာဖွေရင်း …. ခရီဆက်ခဲ့တဲ့ ဆယ်နှစ်သားအရွယ်ကပင် မြန်မာတို့ရဲ့ ယာဉ်ကျေးမှု့ အလေးနက်ထားရာ မိရိုးဖလာ ပဗ္ဗဇ္ဇ မင်္ဂလာခေါ်တဲ့ ရှင်သာမဏေဘဝလေးကိုဘဲနှစ်ခြိုတ် ပျော်မွေ့ရင်း ….. ခရီဆက်ခဲ့ရပါတယ် ။ မြန်မာတို့ အားကိုအားထားပြုရာ မွန်မြတ်တဲ့ ဖန်ဝါဆင်မြန်း ဝတ်သင်္ကန်းလေးကို ဝတ်ရုံရင်းဘဲ မရပ် မနား အားလပ်ချိန်များကို ကူးခတ်ရင်း ….
ရှင်သာမဏေတို့ရဲ့ ယဉ်ကျေးမှု့ ခေါ်တဲ့ ရှင်ကျင့်ဝတ်နှင့် ၊ ပရိတ်ကြီး (၁၁) သုတ် ၊ ဘုရားရှိခိုး အမျိုးမျိုး နဲ့ မေတ္တာပို့နည်း အသီးသီးကို ၊ မော နေအောင် ကျက်ခဲ့ရတယ် ၊ ရက် ၊ လ ၊တို့ တိုက်စားရာ အချိန်နည်းငယ် ကြာလာတာနဲ့အမျှ ဆရာသမား၏ အားပေး မြှောက်စားမှု့ အောက်မှာ ကျင်လည်ရင်း ……..
သင်္ကန်းကိုစီး စိတ်ပုတီးနှင့် ဘုန်းကြီး ဘဝဟာ သဒ္ဒါမတတ်ရင် စာမတတ်တော့ဘူး ဟူသော ဆရာဘုန်းကြီးရဲ့ သွန်သင်ညွန်ပြမှု့ကို လေ့လာသိရှိခဲ့ရပြန်တော့လည်း ၊ မာနကိုလိုချင် မာန်ဟုန်ကို ရှေ့တန်းတင်ချင်တဲ့ ကလေးဘဝမို့ သဒ္ဒါစာ အုပ်ကိုထုပ် ၊ ပါးစပ်က အမြုတ်စီအောင် ၊ သုတ်စဉ် သုတ်နက် ၊ သဂြို င်္လ်ပါဌ် အနက်များကိုလည်း ၊ ကျေညတ်အောင် တတွတ်တွတ်ကျက်ရပြန်ပြီ ၊ သုတ်စဉ်၊ သုတ်နတ် နှင့် သင်္ဂြိုလ်လေး အနည်းငယ်ရရင်တော့ စာသင်တိုက်ပို့သွားရမယ် ဆိုတဲ့ ဆရာသမားရဲ့ အားပေးမှု့ကြောင့် ပညာရေး အိမ်မတ်ကို နောက်ထပ်တစ်ခါ လင်းလက်ခဲ့ရပြန်ပါတယ် ဒီလိုနဲ့ဘဲ ဆရာသမားရဲ့ ၊ မြှောက်စားမှု့ ခြောက်ထားမှု့တွေရဲ့ အောက်မှာ အငိုတစ်လှည့်၊ အပြုံး တလှည့်နဲ့ ဘဝဇာတ်ခုံပေါ်မှာ ၊ ဇာတ်ဆရာရဲ့ အလိုကျ ကြိုးဆွဲရာ ကရင်း ခုန်းရင်း ခရီဆက်ခဲ့တာကတော့ မသေချာမရေရာတဲ့ မနက်ဖန်ဆိုတဲ့ အိမ်မတ်တွေရဲ့ကြားမှာ အားတက်လိုက် ဆုတ်နစ်လိုက်နဲ့ ဖြတ်သန်းကူးခတ်ခဲ့ရပါတယ် ။
ဒီကြားထဲ …..
ပျော်စရာတွေကို အဆက် မပြတ် ပေးဆပ်လေ့ရှိတဲ့ တို့ရွာနောက်က
ချစ်စရာ ဧရာဝတီရဲ့ ကမ်းခြေ သဲသောင်ပြင်ပေါ်မှာ ဆော့ကစားရင်း
လှိုင်ခက်သံတွေရဲ့ကြားထဲမှာ ကြီးပျင်းလာရတဲ့ ဧရာဝတီသားလေးကို
ချစ်တတ် ခင်တတ် လွမ်းတတ် အောင် ၊ သင်ပေးခဲ့တဲ့ ချစ်စရာ
ဧရာဝတီကိုလည်း လွမ်းမောနေရပြန်ပါတယ်……………

အရာရာကို ခွဲခြားစိတ်ဖြာနိုင်ခြင်း မရှိသေးတဲ့ ၊ ကလေးတစ်ယောက်မို့ အနာဂါတ်လမ်းက မပီဝိုးတဝါး၊
ကျန်မာရေး ဂရုစိုက် ၊ စာကြိုးစားသင် ၊ လိမ်လိမ် မာမာနေ ၊ ဆိုတဲ့ ကျေးဇူးရှင် မိခင် ဖခင် ဆရာ သမားတို့ရဲ့ ၊ ပဲ့တင်ထပ်မျှ ဆိုဆုံးမတဲ့ စကားသံတွေဟာလည်း ၊ဝှေ့ဝဲချင်သည့်မျက်ရည်များကြားက
ကြားတချက် မကြားတချက်နဲ့ ၊ ချစ်စရာ ဧရာဝတီရဲ့ လှိုင်ခက်သံတွေကို လက်ပြနုတ်ဆက်၊ ယုံကြည်ချက် ၊ မီးလျှံတို့၏ ၊ မောင်းနှင်းအားဖြင့် ပညာသင် ခရီးကို စခဲ့လေသည် ။

သမိုင်းစာမျက်နှာ (၂)

ဒီလိုနဲ့ မဟာရန်ကုန်မြို့ရဲ့ ၊ လူတန်းစားပေါင်းစုံ ကျင်လည် ကျက်စားရာ မြို့ပြအလှကို ခံစားရင်း သဘာဝရဲ့ အလှတရားတွေကို ဗဟိုပြုပြီး ၊ ဧရာဝတီသားလေး ပထမဆုံး ကျင်လည်ခဲ့တာကတော့…
တစ်ချိန်က ရာဇဝင်တွင်ခဲ့ဘူးတဲ့ ၊ ငမိုးရိပ်ချောင်းရဲ့ ကန်မဖူးက ၊ မင်းနန္ဒာစာသင်တိုက်တဲ့ ၊
ရောမရောက်ရင် ၊ ရောမလိုကျင့် ၊ ဆိုတဲ့ ဆိုရိုးစကားနှင့် အညီ သဘာဝကို မလွန်ဆန်နိုင်တဲ့ လူသားတို့ သဘာဝအတိုင်း ………
စာသင်တိုက်ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာ ကျင့်သုံး ၊ ဝတ္တရားတွေကို ကျေပွန်စွာ ဆောင်ရွတ် ၊ အသိတရား တချို့တဝက်ကို သင်ယူ ၊ ဘဝရဲ့ နိဒါန်း သမိုင်း စာမျက်နာကို လှန်လှော်ရင်းဖြင့် ၊
ဘဝရဲ့ ခရီးကြမ်းကို ပထမဆုံးခြေလှမ်းတွေနဲ့ ၊ လျှောက်လှမ်းခဲ့ ရပါတယ် ၊ ရှေ့ရေစက်ကြောင့် ၊
ခင်မင်ရင်းနှီးခဲ့ရတဲ့ ဘဝတူ သူငယ်ချင်းတွေနဲ့ အတူ ၊ စာသင် စာကျက် ဘုရားဝတ်တက် ၊
အစရှိတဲ့ စာသင်တိုက်ရဲ့ ၊ ထုံးစံ အမျိုးမျိုးကို ၊ ဘဝတူ သူငယ်ချင်းတွေနဲ့ အတူ ၊ လိုက်နာ
ဆောက်ရွတ် အဖက်ဖက်မှ မပျက်ကွပ်ရလေအောင် ထမ်းဆောင်ရင်း ၊ အငိုတစ်လှည့် ၊ အပြုံးတစ်လှည့် နဲ့ ၊ လောကဓံရဲ့ စေညွန်ရာ ဒုက္ခမျိုးစုံကို ၊ ဘဝတူ သူငယ်ချင်းတို့ ၊
အေးတူ ပူအမျှ မျှဝေခံစား ၊ အသိတရားတွေဖလှယ် ရင့်ကျက်စ အရွယ်သို့ ၊ ရောက်ကြရပြန်တော့လည်း ၊ နှစ် လ တွေပြောင်းလို့ နှစ် နှစ်ကျော် သုံးနှစ်တောင် နှောင်းခဲ့ပါပြိ ၊
ဒီလိုနဲ့ဘဲ….
လောကဇာတ်ခုံပေါ်မှာ ဘဝသရုပ်ကို ထုပ်ဖော်ဘို့အတွက် အနာဂါတ်ရဲ့ လမ်းစကို ကိုယ်စီ ကိုယ်စီ ရှာဖွေဘို့ အတွက် ၊ ဆုံးဖြတ်ချက် ကိုယ်စီချခဲ့ကြတဲ့နေ့ဟာ ( ၇ . ၁၁ . ၁၉၉၉ ) ။
လူထွက်တဲ့ သူကထွက် တနယ်တကျေး ရောက်တဲ့ သူကရောက် ၊ ဒီဇင်ဘာ ညရဲ့ အဖြူရောင် မြူနှင်းများ အောက်မှာ ၊ မရေရာ မသေချာတဲ့ ဆုံးဖြတ်ချက်တွေကို ကိုင်ဆောင်ရင်း ရောင်ချာချာ ကျန်ခဲ့တဲ့ သူက… ကိုယ်တစ်ယောက်ထဲ ………..
လမ်းပျောက်လို့ လမ်းစရှာဖို့ အတွက် ကြိုးစားနေချိန် ၊ ခေါင်းထဲက အတွေး အပိုင်းစများနဲ့ ရောထွေးလျှက်ပါလာတဲ့ ခေါ်သံတစ်ချို့က ၊
…ငါ့ညီ နေ့လည်က ငါ့ညီမရှိလို့ ငါယူထားလိုက်တာ ၊ စာတစ်ဆောင်ရောက်လာတယ် ရော့ ဆိုပြီး ၊
နောင်တော်တစ်ပါးက လာပေးပါတယ်၊ ဒါနဲ့ ကမန်းကတမ်း ၊ ကောက်ဖွင့် ကြည့်တော့ အနာဂါတ် လမ်းခရီးကို စတင်မွေးထုပ်ပေးခဲ့သူက …….မာတာမိခင် ကျေးဇူးရှင် ………

“ သို့ …..သားလေး ကျမ်းမာရေးကောင်းရဲ့လား ၊ စာတွေရော လိုက်နိုင်ရဲ့လား ၊ ဘာလိုသေးလဲ ငါ့သားလေး လိုတာရှိရင် အမေ့ကိုပြော ၊ အမေ မရှိ ရှိတာ ရှာကြံပေးမယ် ၊
ငါ့သားလေးသာ ဒီဘဝမှာ ပျော်တယ်ဆိုရင် အမေသေပျော်ပါပြီ သားလေးရယ် ၊
သားလေး မှတ်ထားပါ လု့ဘဝဆိုတာဟာ ရခဲတယ် သားလေးရဲ့ ၊ အဲ့ဒိလို ရခဲတဲ့ ဘဝမှာ မြင့်မြတ်တဲ့ အလုပ်အကိုင်လုပ်နိုင်တဲ့ သူက ၊ တကယ့် အာဇာနည်းဘဲ သားရဲ့ ၊ သားလေးရဲ့ အဘိုးကလည်း မှာလိုက်သေးတယ် ..သူမသေခင် ငါ့သားလေး ဘုန်းကြီးဝတ်နေတာကို မြင်ချင်သေးတယ်တဲ့ ၊ ငါ့သားလေးလဲ စာကျက် စာအံ့နဲ့ နေ့စဉ်လုပ်နေရတယ်ဆိုတော့ ၊ တော်တော်ပင်ပန်းနေမှာဘဲနော် ၊
သားလေး ပင်ပန်းတယ်ဆိုတာကို အမေသိလို့ ငါ့သားလေး အားရှိတဲ့ အစား အစာတွေ ဝယ်စားဘို့ အတွက် .. အမေစုထားတဲ့ ငွေတစ်သောင်းကို သားလေး သုံးဘို့ထည့်ပေးလိုက်ပါတယ် .. သားလေး သုံးပါ ၊ အမေ့မှာ ပိုက်ဆံမရှိပေမဲ့ သားရှိရင် အမေ အားရှိပါတယ် ၊ သားပျော်ရင် အမေလည်း ပျော်တယ် ”
ဆိုတဲ့ မေမေရေးပို့လိုက်တဲ့ စာရွတ်ပေါ်မှာ ၊ မိုးပေါက်အလား တစ်ပျောက်ပျောက်ကျခဲ့ရတဲ့ မျက်ရည်တို့ရဲ့ ဦးတည်ရာကတော့…..ရွှေမန္တလာရဲ့ ဒုတိယ ပညာသင် ခရီး ……

သမိုင်းစာမျက်နှာ ( ၃ )

ဟန်ဆောင်မှု့ ၊ လိင်ညာမှု့ ကင်းတဲ့ ရွှေမန္တလာမှာ အခြေချခဲ့တဲ့နေ့ဟာ ( ၁၂ . ၃ .၂၀၀၀ ) ခုနှစ် ။
စာသင်တိုက်ကြီး တိုက်ငယ် အသွယ်သွယ်နှင့် ကျင်လည် ကျက်စား ၊ ရွှေမန္တလာမြေရဲ့ နေ့ရက်များကို ခတ်ခဲစွာ ကျော်ဖြတ် ၊ အနတ်တေး ၊ အနတ်ကျက် ၊ ပုဒ် ၊ ပါဌ် ၊ ရုပ် ၊ ဓါတ် ၊ ပစ္စည်း ပစ္စယတ် တို့၏ ၊
သဘောတရားများကို သင်ယူ ၊ စိတ်ရှုပ် စေတသိတ်ရှုပ် ၊ ရုပ် သရုပ် တို့၏ အဘိဓမ္မာသဘောတရားကို ရှာဖွေ ၊ ပညာထူးမြတ်တော်မူကြသော ဆရာမြတ်တို့၏ ၊ မီးမှောင်းထိုးပြတဲ့ ၊ စေတနာလမ်းကြောင်းအောက်မှာ ၊ အသိ စိတ် ဓါတ်တို့ မရင့်ကျက်သေးချိန် ဆိုတော့လည်း ……..
ဖြောင့်တန်းလိုက် ကောက်ကွေ့လိုက်နဲ့ဘဲ ၊ အဆင့်မြင့် ပိဋိက ပင်လယ်ထဲ နှစ်ပေါင်းမှားစွာ
ကူးခတ်ရင်း …. ရသင့် ရထိုက်တဲ့ ဆုလာဘ် များကို ၊ ကိုင်ဆောင်ပြီးချိန် ..
အသိ စိတ်ဓါတ်တို့ ရင်ကျက်စ အရွယ်မှာတော့ မျိုးဆက်သစ်ရှင်ငယ် ရဟန်းငယ်တို့ နောက်ပြန်မလှည့်သာသော .. ဥပသမ္ပဒ လမ်းကြောင်းပေါ်သို့ တက်လှမ်းခဲ့ရပါတယ် ….

( ဆက်လက်ဖော်ပြပါဦးမည် )
သံစဉ် ….

Sunday 5 August 2012

မနက်ဖြန် အတွက်...( ၄ )

ယနေ့ ည .....လပြည့်ဝန်းလို မျိုး ။
လူတိုင်းမျက်နှာ ၀င်းပကြည်ကာ ။
သာယာနိုင်ကြရင် ........................
လူ့ဘ၀ လူ့တန်ဖိုးကို
လောကအမြင်ထဲ အပြည့်အ၀ရရှိမှာမလွဲပေ ။

နောက်ဆုံးတော့
အားလုံးဟာ သေဆုံးရမှာပါ ။
မပူလေနဲ့ အဲဒီတွက်တော့ .............။

အကြီးကဲက
ငယ်သူများကိုလမ်းခွဲရလိမ့်မယ် ။
မိဘက
သားသမီးကို လမ်းခွဲရလိမ့်မယ် ။
ဆရာက
တပည့်ကိုထားခဲ့ရလိမ့်မယ် ။
ခင်ပွန်းသည်က
ကြင်ယာဇနီးကို စွန့်ခဲ့ရလိမ့်မယ် ။

အဲဒီချိန်ကျရင်ဖြင့် .................။
ဘယ်မှာလဲ အာဏာ.............
ဘယ်မှာလဲ ပါဝါ....................
ဘယ်မှာလဲ ဥစ္စာ....................
ဘယ်မှာလဲ စည်းစိမ်...................
ဘယ်မှာလဲ အလှတရား............

ဒီမေးခွန်းတွေကို ဖြေချင်သပဆိုရင်ဖြင့် ။
အာဏာကို အာဏာနေရာမှာသုံး
ပါဝါကို ပါဝါနေရာမှာသုံး
ဥစ္စာကို ဥစ္စာလိုသုံး
စည်းစိမ်ကို စည်းစိမ်လိုသုံး
အလှတရားကို အလှတရား လိုပဲ လိုအပ်ရာမှာသုံး
ကိုယ့်နေရာ ကို ကိုထမ်းဆောင်
ကိုယ့်တာဝန်ကို ကိုထမ်းဆောင်
အမှောင်ဝင်လာရင်
အားလုံးလက်တွဲ ပြီး အလင်းဆောင် ။
တရားသဘောနဲ့ ပြောရရင်တော့ ..............
အားလုံးအနိစ္စပါပဲ ။
သြော်...................................................
အခုလို ခနတာ အချိန်လေးမှာ
အနိစ္စလို့ နည်းနည်းလေးသိပေးပြီး
ဒီသီတင်းကျွတ်ည လပြည့်ကို
အေးချမ်းမှု့နဲ့ ဖြတ်ကျော်ရင်း
မနက်ဖြန်အတွက်
ကိုယ်အား ဥာဏ်အား မွေးဖွားနိုင်ကြပါစေ ။


သံစဉ်........

အပူတွေ မျှဝေခံစားလို့ ( ၃ )

တစ်ဦးက ပူရင် တစ်ဦးက ရေလောင်း
တစ်ဦးက ပူရင် တစ်ဦးက ရေလောင်း
အပြန်အလှန် မေတ္တာထားလို့ ........
သုတ် သင်္ဂါလ အလာ ။
တို့ မြတ်စွာ ဟောမိန့် ခဲ့သလို ......
မိဘက မိဘကျင့်ဝတ်ကိုကျင့်လို့
သားသမီးအပေါ်တာဝန်ကျေ
ဆရာက ဆရာ့ကျင့်ဝတ်ကိုကျင့်လို့
တပည့်အပေါ်တာဝန်ကျေ
ခင်ပွန်းက ခင်ပွန်းကျင့်ဝတ်ကျင့်လို့
ဇနီးအပေါ်တာဝန်ကျေ
စသည် စသည် ဖြင့်
လောကကို အလှဆင်ဖို့
လူတို့ တစ်တွေ တရားကိန်းပြီး
ရဟန်းက ရဟန်းကျင့်ဝတ်ကျင့်လို့
ဒကာ ဒကာမ အပေါ်တာဝန်ကျေ
သာသနာကို အလှဆင်ဖို့
သမ္မတ က သမ္မတ ကျင့်ဝတ်ကျင့်လို့
ပြည်သူ့အပေါ်တာဝန်ကျေ
ဒါဆိုရင် တို့ပြည်တို့မြေ လဲ
အေးချမ်းရလိမ့်မယ် ။
အပူတွေကို မျှဝေခံစားလို့ ..............။

သံစဉ်...........

အပူနည်းလိမ့်မယ်.......( ၂ )

ဒါတင်ပဲလား .....................။
မကသေးပါဘူး ....
တစ်ဦး နှင့် တစ်ဦး သဘောတူမကွဲလွဲပဲ ။
ချစ်ခင် စုံမက် ၊ ဂုဏ်ဒြပ်တွေ မခြားနားပဲ ။
နှစ်ဦးကြားထဲမှာ တိုင်ပင် ညှိနိုင်းမှုတွေနဲ့ ။
အတူလက်တွဲ ... အစဉ်ဆွေးနွေးပြီး ။
အထီးက အမ အမှားသည်းခံ ။
အမ က အထီးအမှားကို ညှိနှိုင်း ။
သမိုင်းတွေ မရိုင်းလေရအောင် ။
တို့ အတူ လက်တွဲလို့ လောကကိုခရီးဆက်ကြမယ် ။
စိတ်တူ ကိုယ်တူ ပေါ့ ..............။
ဒါဆိုရင် အပူနည်းလိမ့်မယ် ။

သံစဉ်............

အပူကို အပူထပ် ( ၁ )

မမြင်လိုက်ရပေမယ့် ၊ ရင်ထဲကတော့ သိနေပါတယ်၊
ဒီနေ့ ပေါ့၊
ဟောဒီသီတင်းကျွတ်လပြည့် နေ့ပေါ့။
တို့များ ထွဋ်တင် ဘုရားရှင်သည်။
အလွန်နက်နဲ ခက်ခဲပါဘိ၊
ကျမ်းအဘိကို ဟောကြား ပြီးဆုံး ခဲ့တဲ့နေ့။

အော် ...........................................။ ။
သာသနာ ဆိုတာ အဆုံးမ
အဆုံးမ ဆိုတာက ကြားနာဖို့ သက်သက်လား၊
မဟုတ်ရပါဘူး ။
လိုက်နာဖို့ အတွက်လဲ ပါတယ်လေ ။

ကမ္ဘာမြေ ဒီလောကမှာ ။
အထီးအမ ၊ မိန်းမ ယောင်္ကျား ။
ဆွဲငင်ညှို့ယူ အတူတူပဲ ။
သို့ကြောင့် ။
အထီးကိုလိုချင်လို့ အမက ပူလို့ပူ ။
အမကိုလိုချင်လို့ အထီးက ပူလို့ပူ ။
အပူကတော့ တူတူပဲ ။
အပူကို အပူထပ် လို့ အပူက အေးသွားမှာလား ။

သံစဉ်...........

ဘုရားဂုဏ်တော်(၉)ပါး

ဘုရားဂုဏ်တော်-၉-ပါး

အရဟံဂုဏ်တော်ဖွင့်၊ ကျက်မှတ်ရန်

၁။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-တစ်ထောင့်ငါးရာ ကိလေသာတို့ ၀ါသနာဓလေ့ အထုံငွေ့မျှ မငွေ့မရိပ် ၀င်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း၍ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့် လည်း၊ အရဟံ-အရဟံဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၂။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန- သဗ္ဗဉ်ဥာဏ်အား စွမ်းပကားဖြင့် များသင်္ခါရ ၀ိကာရနှင့် လက္ခဏ ပညတ် နိဗ္ဗာန်ဓာတ်ဟု ငါးရပ်သိရန် ဥေယျဓမ်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင်သိတော်မူသော ဤအကြောင်းကြောင့် လည်း၊ သမ္မာသမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည် တကား။

ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၃။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန- သုံးပါး ရှစ်ပါး ၂ မျိုးအားဖြင့် ဟောထားပညာ ဥာဏ်ဝိဇ္ဇာတည်း၊ နိဗ္ဗာနဓာတ် အမြိုက် ရပ်သို့ ဆိုက်ကပ်ရန်ဖြင့် အမှန်သင့်သည့် အကျင့်စရဏ ဆယ့်ငါးဝနှင့် တကွဥဿုံ ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ၀ိဇ္ဇာစရဏသမ္ပန္နော-၀ိဇ္ဇာစရဏသမ္ပန္နဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

သုဂတဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၎။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒီပင်္ကရာ ထွတ်ချာသနင်း ခြေတော်ရင်းမှ မှန်ကင်းသိရီ ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်အောင် ဆယ်ခိုင်ပါရမီ စုံပြည့်ညီလျက် သုံးလီဘ၀ များသတ္တ၏ သုခစီးပွား ကျင့်သောအားဖြင့် မိုက်မှားအယူ မိစ္ဆာဟူက ဆံမြူတစ်စိ မကပ်ငြိဘဲ သတိသမ္ပဇဉ် မပြတ်ယှဉ်လျက် သဗ္ဗဉ်ဥာဏ်တော် ရကြောင်းရော်၍ ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း၊ သုဂတော-သုဂတဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

လောက၀ိဒူဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၅။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္တောကာသ သင်္ခါရဟု လောကသုံးဘုံ အလုံးစုံကို အာရုံထင်စွာ ပိုင်းခြားကာဖြင့် ကောင်းစွာကုန်စင် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း လောက၀ိဒူ-လောက၀ိဒူ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံ တိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော် မူပါပေသည်တကား။

အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၆။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဆုံးမသင့်ရန် သတ္တ၀ါမှန်သော် ခြောက်တန်လျှင်ခြောက် မြှောက်တန်မြှောက်၍ အောက်အောက်ထက်ဂုဏ် ဆင့်ဆင့်စုံဖို့ ဖုံဖုံသင်ပေး အစဉ်ဖေးလျက် ယဉ်ကျေးလေအောင် သွေးဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ အနုတ္တရော ပုရိသဒမ္မသာရထိ- အနုတ္တရော ပုရိသဒမ္မသာရထိ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင် ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

သတ္တာ ဒေ၀မနုဿာနံ ဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၇။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္ထ၀ါဟော်၊ ကုန်သည်ကျော်သည်၊ ဖော်လှော်ငယ်သား၊ နောက်ပါများကို၊ ရေရှား ဘေးခ၊ ကန္တာရမှ၊ ခေမမြေငူ၊ ထုတ်ကယ်ယူသို့၊ ထို့တူတစိ၊ ခဲယဉ်းဘိသည့်၊ ဇာတိဇရာ၊ မရဏာဟု၊ ကန္တာရကြမ်း၊ ခရီးလမ်းမှ ရွှေနန်းမြေငူ၊ ပြည်နိဗ္ဗူသို့၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါတို့၊ ကောင်းစွာဆောင်ယူ၊ ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သတ္ထာ ဒေ၀မနုဿနံ - သတ္ထာ ဒေ၀မနုဿာနံ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

ဗုဒ္ဓဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၈။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒုက္ခ သမုဒယ၊ နိရောဓနှင့် မဂ္ဂမည်သာ၊ လေးသစ္စာကို ဦးစွာပိုင်ပိုင်၊ သိမြင်နိုင်၍၊ သုံးဆိုင်ဝေနေ၊ များဗိုလ်ခြေကို၊ မသွေအတူ၊ သိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ-ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

ဘဂ၀ါဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၉။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-အဏုမြူသဖွယ် ပျောက်ကွယ်သိမ်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော "အဏိမာ" ဘုန်းတော်...
စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပါးလျင်မြန်၊ ဈာန်ပျံကြွသွားနိုင်သော "လဃိမာ" ဘုန်းတော် ...
ကိုယ်တော်သဏ္ဌာန် ပုံဟန်တိုင်းငြား၊ မနှိုင်းအားဖို့၊ ကြီးမားလေအောင်၊ ရုပ်ဆောင် ဖန်ဆင်းနိုင်သော "မဟိမာ" ဘုန်းတော်...
ဆီးတားကွယ်ကာ မရှိပါဘဲ လိုရာတိုင်းပေါက် တခဏလောက်ဖြင့် ကြွရောက်နိုင်သော "ပတ္တိ" ဘုန်းတော်....
အဆင်းအတန်တန် ပုံသဏ္ဌာန်ကို စီမံဖန်တီး တခဏတည်းဖြင့် ပြီးစီးနိုင်သာ "ပါကမ္မ" ဘုန်းတော်...
ကိုယ်တော်မြတ်၏ စိတ်ဓာတ်တော်မှ စ၍မကြွင်း၊ လူနတ်မင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုး နိုင်သော "ဤသိတာ" ဘုန်းတော်...
သမာပတ်ဈာန်၊ အဘိညာဏ်ကို၊ ၀င်စံလိုက၊ တခဏချင်းပိုင်၊ ၀င်စားနိုင်သော "၀သိတာ" ဘုန်းတော်...
ကိစ္စတစ်ခု ပြုစုတုန်းပင် ပြီးဆုံးချင်သော်၊ ဆောလျင်မသွေ ပြီးဆုံးစေနိုင်သော "ယတ္ထကာမာ ၀သာယိတာ" ဘုန်းတော်...
ရှစ်ဖော်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ "ဣဿရိယ" ဘုန်းတော်....
ကိလေသာရန် ပယ်ဖျက်လှန်ဖို့ နိဗ္ဗာန်ဖိုလ်မဂ် ကိုးချက်အပြား လောကုတ္တရာတရား ဟူသော "ဓမ္မ" ဘုန်းတော် ...
ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍ ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့ထင်ထပ်မျှ နှံ့စပ်သတင်း ကျော်စောခြင်းဟူသော "ယသ" ဘုန်းတော်...
ရွှေမျက်နှာတော် လက်ခြေတော်မှ စ၍မကြွင်း ပင်လုံးဝင်းသည့် ပန်းမင်းအနေ၊ ကျက်သရေ မင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပာယ်တော်မူသော "သိရီ" ဘုန်းတော်....
အလိုတော်အတိုင်း တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် "ကာမ" ဘုန်းတော်....
တလောကလုံး ညွတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော "ပယတ္တ" ဘုန်းတော်....
ဤခြောက်ဖော်ဂုဏ် ဘုန်းတော်ဟုန်နှင့် ပြည့်စုံတော်မူသော ဤအကြောင့်ကြောင့်လည်း၊ ဘဂ၀ါ-ဘဂ၀ါ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။( အဆင်မပြေရင်ပြန်ပြောနော်)

ဗုဒ္ဓဘာသာဝင် လူတိုင်းမှာ သဒ္ဓါတရားရှိဖို့ အရေးကြီးပါတယ်....ဒီတော့ သဒ္ဓါတရား
ဆိုတာ မြတ်ဗုဒ္ဓရဲ့  ဂုဏ်တော်တွေကို ယုံကြည်ခြင်း.....ကံတရားနှင့် ထိုကံတရား၏
အကျိုးတွေကို ယုံကြည်ခြင်းတွေပါ ပဲ.......သဒ္ဓါတရား ရှိမှ အရာရာကို အောင်မြင်နိုင်
မှာပါ ..အထူးသဖြင့် မဂ် ဖိုလ် ရဖို့ပေါ့........

ပညာရှိတွေက လူ့ဘ၀ခန္ဓာကိုယ်ကြီးကို ..တရားရဖို့ အတွက်..အကျိုးရှိရှိသုံးတတ်ကြပြီး
ပညာမဲ့ သူတွေကတော့ လူ့ဘ၀ခန္ဓာကိုယ်ကြီးကို ကာမဂုဏ်စည်းစိမ်တွေခံစားဖို့...
များများ အသုံးချကြပါတယ်...........................။ ။

သံစဉ်.........

လယ်တီဆရာတော်ဘုရားကြီး ဆုံးမစာ...

မုံရွာမြို့အနီး၊ ဆားထုံးရွာနေ၊ တပည့် မောင် ရောင်နီသို့ ရေးပေးသော ပိဋကတ်အစွယ်ချိုးတေးထပ် ။

တပိုင်းကြောင် ကျက်စာရရုံနှင့် ၊ ခက်ပါလှ သဘောဥာဏ်၊ ထက်မာန အပြောသန်တယ်၊ ဒေါသမာန် ထူပွါး၊ စောဒကတုဖက်လာလျှင်၊ သူ့ထက်ငါ ငြင်းတဲ့လူစား၊
ဘုရားဟော မြတ်ဓမ္မခန်ကို၊ တတ်လေဟန်ယောင်ဝါး၊ ပရမတ်ပြန် အကြောင်းသမားတွေတို့၊ ထောင်လွှားကြ သူ့ထက်ငါ၊ အသိဥာဏ် တစ်ထွာလောက်ကယ်နှင့်၊ ညှာမထောက် ဟောတတ်လှပါ။
ပရိသတ် ထောမနာအောင်၊ စောဒနာ-ဥာဏ်အကောက်တွေနှင့်၊ ကန်အကြောက် အတင်းမရှောင်၊ ငြင်းကြလူ့ဘောင်၊ ပိဋကတ် အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး။


အလွန်ကောင်းတဲ့ တေးထပ်ပါ၊ ဆရာတော်ကြီးသည် သူ့တပည့်များကို တေးထပ်တို့ လင်္ကာတို့နှင့် အစဉ်မြဲ ဆုံးမလေ့ရှိပါတယ်၊ ဒီတေးထပ်ကတော့ သူ့တပည့်မောင်ရောင်နီကို ဆုံးမခဲ့တာပေါ့ ဒါပေမယ့်လဲ ဒီတေးထပ်ကို ဖတ်ရသူ ကျွနုပ်တို့ အဖို့ရာမှာ ဆင်ခြင်စရာတွေ ရရှိပါတယ်၊ ဘယ်လိုလဲ ဆိုတော့ တိုတိုလေးပြောရင်တော့ မာန မကြီးကြနဲ့ မာနကြီးရင် အပါယ်ရောက်မယ် ဆိုတဲ့ အဓိပ္ပါယ်ပါပဲ ၊ ဒီမာနကြီးတယ်ဆိုတာကို ခေတ်ဝေါဟာရအနေနဲ့ပြောရရင်တော့ ““ဘ၀င်မြင့်တယ်ပေါ့”” ဘယ်နေရာမှာ ဘာလို့ ဘ၀င်တွေက မြင့်ရမှာလဲ ပေါ့ ၊ ဒါပေမယ့် လူဆိုတာက ကိုယ်က ရုပ်လှ ရင် အဲဒီကိုယ့်ရုပ်ကို စွဲလန်းတဲ့ စိတ်က နေအခြေခံပြီး ဖြစ်ပေါ်လာတဲ့ မာန ပေါ့ ဘ၀င်မြင့်တယ်ပေါ့ ၊ ပညာတတ်ရင် ထိုပညာကို စွဲပြီး ဘ၀င်မြင့်တယ်ပေါ့ နောက်ပြီး စည်းစိမ်ချမ်းသာရင် ထိုစည်းစိမ်ကို စွဲပြီးတော့ ဘ၀င်မြင့်တယ်ပေါ့ နော် ဒီတော့ လူတော်တော်များများကတော့ ဒီလိုပဲ ဘ၀င်မြင့်တာပါပဲနော် အများကို သိမ်းကျုံပြိးတော့ ပြောတာတော့ မဟုတ်ပါဘူး ဒီလို ဘ၀င်မြင့် စိတ်ကြီးဝင်သူတွေကိုပဲ ရည်ရွယ်ပါတယ်၊ ဒီတော့ အဲဒီ ဘ၀င်မြင့်တဲ့စိတ်ကြောင့်ဘာတွေဖြစ်လာသလဲ ဆိုရင် အဲဒီသူဟာ ကိုယ်နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ကျေးဇူးရှင်မိဘများကိုတောင် မထေမဲ့မြင်ပြုတတ်ကြတယ်၊ မိဘကိုတောင်ဒီလိုဖြစ်ရင် တစ်ခြားသူကိုပြောစရာမလိုတော့ဘူး နော် ခု ဒီ တေးထပ်မှာက ဦးရောင်နီ ဆိုသူ က စာနဲ့ ပေနဲ့ ပတ်သတ်ပြီး
မောက်မာနေလို့ ဆရာတော်က ဆုံးမရတယ်လို့ ယူဆရတယ် ။ ဒီတော့ ကိုယ်က ဘယ်လောက်ပဲတော်တော် ဘယ်လောက်ပဲ တတ်တတ် ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဘယ်လောက်ပဲ ရုပ်ချောချော ကိုယ့်ထက်နိမ့်ပါးသူတွေအပေါ်မှာ ညှာတဲ့ စိတ်ကလေး ထားတတ်ဖို့ ရာအင်မတန်အရေးကြီးလှပါတယ် ။ ကိုယ့်ထက်တော်သူ တတ်သူ ချမ်းသာသူတွေ ကိုယ့်ကို နှိမ်ပြီး ဆက်ဆံတာကိုခံရရင် ဘယ်လိုနေလဲ လို့တွေးကြည့်ပေါ့၊ နော် ၊ ဒီတော့ ဘယ်နေရာ မှာ ဘယ်သူနဲ့ဆက်ဆံ ဆက်ဆံ ကိုဘက်က သူများကြားလို့ကောင်းမဲ့
စကားချိုချို ပြောနိုင်အောင်၊ သူများမြင်လို့ ကောင်းမဲ့ အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ၊
ကိုယ့်စိတ်တွေကို ဖြူစင်သန့်ရှင်းစေမဲ့ အတွေးကောင်းကောင်းတွေးနိုင်အောင် အထက်လူကြီးနဲ့ မိဘ ဆရာများ ရဲ့ ချစ်ခင်လေးစားမှုကိုရအောင်တော့
အတတ်နိုင်ဆုံးကိုယ့်မာနကို ကိုယ်တိုင် ချိုးနှိမ်နိုင်ရင်တော့ အကောင်းဆုံးလို့ သတင်းစကားပါးရင်း


သံစဉ်...

လူဘ၀လပြည့်ည.....

မမြင်လိုက်ရပေမယ့် ၊ ရင်ထဲကတော့ သိနေပါတယ်၊
ဒီနေ့ ပေါ့၊
ဟောဒီသီတင်းကျွတ်လပြည့် နေ့ပေါ့။
တို့များ ထွဋ်တင် ဘုရားရှင်သည်။
အလွန်နက်နဲ ခက်ခဲပါဘိ၊
ကျမ်းအဘိကို ဟောကြား ပြီးဆုံး ခဲ့တဲ့နေ့။

အော် ...........................................။ ။
သာသနာ ဆိုတာ အဆုံးမ
အဆုံးမ ဆိုတာက ကြားနာဖို့ သက်သက်လား၊
မဟုတ်ရပါဘူး ။
လိုက်နာဖို့ အတွက်လဲ ပါတယ်လေ ။

ကမ္ဘာမြေ ဒီလောကမှာ ။
အထီးအမ ၊ မိန်းမ ယောင်္ကျား ။
ဆွဲငင်ညှို့ယူ အတူတူပဲ ။
သို့ကြောင့် ။
အထီးကိုလိုချင်လို့ အမက ပူလို့ပူ ။
အမကိုလိုချင်လို့ အထီးက ပူလို့ပူ ။
အပူကတော့ တူတူပဲ ။
အပူကို အပူထပ် လို့ အပူက အေးသွားမှာလား ။

ဒါတင်ပဲလား .....................။
မကသေးပါဘူး ....
တစ်ဦး နှင့် တစ်ဦး သဘောတူမကွဲလွဲပဲ ။
ချစ်ခင် စုံမက် ၊ ဂုဏ်ဒြပ်တွေ မခြားနားပဲ ။
နှစ်ဦးကြားထဲမှာ တိုင်ပင် ညှိနိုင်းမှုတွေနဲ့ ။
အတူလက်တွဲ ... အစဉ်ဆွေးနွေးပြီး ။
အထီးက အမ အမှားသည်းခံ ။
အမ က အထီးအမှားကို ညှိနှိုင်း ။
သမိုင်းတွေ မရိုင်းလေရအောင် ။
တို့ အတူ လက်တွဲလို့ လောကကိုခရီးဆက်ကြမယ် ။
စိတ်တူ ကိုယ်တူ ပေါ့ ..............။
ဒါဆိုရင် အပူနည်းလိမ့်မယ် ။

တစ်ဦးက ပူရင် တစ်ဦးက ရေလောင်း
တစ်ဦးက ပူရင် တစ်ဦးက ရေလောင်း
အပြန်အလှန် မေတ္တာထားလို့ ........
သုတ် သင်္ဂါလ အလာ ။
တို့ မြတ်စွာ ဟောမိန့် ခဲ့သလို ......
မိဘက မိဘကျင့်ဝတ်ကိုကျင့်လို့
သားသမီးအပေါ်တာဝန်ကျေ
ဆရာက ဆရာ့ကျင့်ဝတ်ကိုကျင့်လို့
တပည့်အပေါ်တာဝန်ကျေ
ခင်ပွန်းက ခင်ပွန်းကျင့်ဝတ်ကျင့်လို့
ဇနီးအပေါ်တာဝန်ကျေ
စသည် စသည် ဖြင့်
လောကကို အလှဆင်ဖို့
လူတို့ တစ်တွေ တရားကိန်းပြီး
ရဟန်းက ရဟန်းကျင့်ဝတ်ကျင့်လို့
ဒကာ ဒကာမ အပေါ်တာဝန်ကျေ
သာသနာကို အလှဆင်ဖို့
သမ္မတ က သမ္မတ ကျင့်ဝတ်ကျင့်လို့
ပြည်သူ့အပေါ်တာကျေ
ဒါဆိုရင် တို့ပြည်တို့မြေ လဲ
အေးချမ်းရလိမ့်မယ် ။
အပူတွေကို မျှဝေခံစားလို့ ..............။

ယနေ့ ည .....လပြည့်ဝန်းလို မျိုး ။
လူတိုင်းမျက်နှာ ၀င်းပကြည်ကာ ။
သာယာနိုင်ကြရင် ........................
လူ့ဘ၀ လူ့တန်ဖိုးကို
လောကအမြင်ထဲ အပြည့်အ၀ရရှိမှာမလွဲပေ ။

နောက်ဆုံးတော့
အားလုံးဟာ သေဆုံးရမှာပါ ။
မပူလေနဲ့ အဲဒီတွက်တော့ .............။

အကြီးကဲက
ငယ်သူများကိုလမ်းခွဲရလိမ့်မယ် ။
မိဘက
သားသမီးကို လမ်းခွဲရလိမ့်မယ် ။
ဆရာက
တပည့်ကိုထားခဲ့ရလိမ့်မယ် ။
ခင်ပွန်းသည်က
ကြင်ယာဇနီးကို စွန့်ခဲ့ရလိမ့်မယ် ။

အဲဒီချိန်ကျရင်ဖြင့် .................။
ဘယ်မှာလဲ အာဏာ.............
ဘယ်မှာလဲ ပါဝါ....................
ဘယ်မှာလဲ ဥစ္စာ....................
ဘယ်မှာလဲ စည်းစိမ်...................
ဘယ်မှာလဲ အလှတရား............

ဒီမေးခွန်းတွေကို ဖြေချင်သပဆိုရင်ဖြင့် ။
အာဏာကို အာဏာနေရာမှာသုံး
ပါဝါကို ပါဝါနေရာမှာသုံး
ဥစ္စာကို ဥစ္စာလိုသုံး
စည်းစိမ်ကို စည်းစိမ်လိုသုံး
အလှတရားကို အလှတရား လိုပဲ လိုအပ်ရာမှာသုံး
ကိုယ့်နေရာ ကို ကိုထမ်းဆောင်
ကိုယ့်တာဝန်ကို ကိုထမ်းဆောင်
အမှောင်ဝင်လာရင်
အားလုံးလက်တွဲ ပြီး အလင်းဆောင် ။
တရားသဘောနဲ့ ပြောရရင်တော့ ..............
အားလုံးအနိစ္စပါပဲ ။
သြော်...................................................
အခုလို ခနတာ အချိန်လေးမှာ
အနိစ္စလို့ နည်းနည်းလေးသိပေးပြီး
ဒီသီတင်းကျွတ်ည လပြည့်ကို
အေးချမ်းမှု့နဲ့ ဖြတ်ကျော်ရင်း
မနက်ဖြန်အတွက်
ကိုယ်အား ဥာဏ်အား မွေးဖွားနိုင်ကြပါစေ ။


သံစဉ်.........

Saturday 4 August 2012

jack star တွေလင်းတဲ့ည(၁)

အပြာရောင်မိုးကောင်းကင်ရဲ့ရင်ခွင်မှာ
နွေးထွေးစွာ ပွေ့ပိုက်ခံရတဲ့ jack star လေးတွေပေါ့....
ငါ့ ချစ်သူပေးတဲ့ နှလုံးသားပန်းနုလေးတွေကိုချီပွေ့လို့.......
ငါ့ ပြတင်းတံခါးမှာ လာချသွားတယ်။

နောက်ပြီးလေသံမာမာနဲ့ငါ့ကိုပြောသွားတယ်.......
ဟေ့......
ဟေ့မင်းချစ်သူပေးလိုက်တာ.....
ဒီမှာသူ့ပွင့်ချပ်တွေ .. မနွမ်းခြောက်ခင်မင်းနှလုံးသွေးနဲ့
သိုမှီးလိုက်.... နော်။
အော်.........ကျေးကျေးပါ jack star ရယ်
ချစ်သူ့တမန်တော်လေးရဲ့ စကားကိုမြေဝယ်မကျ နားထောင်ရင်း
ငါ့ချစ်သူကို ငါလွမ်းနေခဲ့တာ...........
အခုဆို ငါ့ချစ်သူတောင် မှတ်မိသေးလားမသိဘူး
ငါကတော့ ဘယ်တော့မှ မမေ့ဘူး
အဲဒီညလေးက
jack star တွေလင်းလက်တဲ့ ညလေးပေါ့။.

သံစဉ်.............

ဝန္ဒနာကထာ..

သိဿာနံဟိတသုခံ အာဘုသောစရတီတိ အာစရိယော။
တပည့်အပေါင်းများရဲ့အကျိုးကိုလိုလားပြီး ထိုတပည့်တို့ရဲ့ကောင်းမြတ်တဲ့အကျိုးတရားများဖြစ်ထွန်းဖို့အတွက်ရှေးရှု့ကြိုးစားကြသူများကို
ဆရာလို့ခေါ်ပါ၏။

၏ဘလော့လေးကို တည်ထားပြီးချိန်အစမှာပဲ၊
အတုမရှိသော ရတနာသုံးပါးနှင့်တကွ၊
ကျေးဇူးရှင်ဖြစ်တော်မူသော ဆရာတော်ရွှေမန်းဦးသူရိယ ( အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) ဆရာတော်ကြီးအား
ကာယ ၀စီ မနော တည်းဟူသော သုံးပါးသော ဒွါရဖြင့် ရိုသေလေးမြတ်စွာရှိခိုးကန်တော့ပါ၏။

အရှင်သိရိန္ဒ၊(ရွှေအေးရိပ်)

ရဲဘော်သုံးကျိပ်

ဂျပန်စစ်ပညာသင် ရဲဘော်သုံးကျိပ်အဖွဲ့မှာ အဓိကသခင်အဖွဲ့ကြီး နှစ်ဖွဲ့ပါဝင်သည်။ ပထမအများစုဖြစ်တဲ့ သခင်ကိုယ်တော်မှိုင်းအဖွဲ့မှ (၂၁) ဦးပါဝင်တယ်။ အနည်းစုဖြစ်တဲ့ သခင်ဗစိန် သခင်ထွန်းအုပ်အဖွဲ့မှ (၈)ဦးပါဝင်ပါတယ်။ နောက်ကိုဆောင်းဆိုသူ ဘယ်ပါတီမှမဟုတ်တဲ့ ဂျပန်ပညာတော်သင် တစ်ဦးပါဝင်ပါတယ်။
ရဲဘော်သုံးကျိပ်နှင့် နောက်ခံပါတီများ။
(၁) သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံး....
၁။ သခင်အောင်ဆန်း -- ဗိုလ်အောင်ဆန်း (ဗိုလ်တေဇ)။
၂။ သခင်လှမြိုင် -- ဗိုလ်ရန်အောင်။
၃။ သခင်လှဖေ -- ဗိုလ်လက်ျာ။
၎။ သခင်ဗဂျမ်း -- ဗိုလ်လရောင်။
၅။ သခင်အေးမောင် -- ဗိုလ်မိုး။
၆။ သခင်စောလွင် -- ဗိုလ်မင်းခေါင်း။
၇။ သခင်သန်းတင်-- သာယာဝတီဗိုလ်မြဒင်။
၈။ သခင်ရွှေ -- ဗိုလ်ကျော်ဇော။
၉။ သခင်အောင်သိန်း -- ဗိုလ်ရဲထွဋ်။
၁၀။ သခင်ထွန်းရွှေ -- ဗိုလ်လင်းယုန်။
၁၁။ သခင်တင်အေး -- ဗိုလ်ဘုန်းမြင့်။
၁၂။ သခင်စိုး -- ဗိုလ်မြင့်အောင်။
၁၃။ သခင်စံမြ -- ဗိုလ်တောက်ထိန်။
၁၄။ သခင်ခင်မောင်ဦး -- ဗိုလ်တာရာ။
၁၅။ သခင်စံလှိုင် -- ဗိုလ်မှုးအောင်။
၁၆။ သခင်သန်းညွန့် -- ဗိုလ်ဇင်ယော်။
၁၇။ သခင်မောင်မောင် -- ဗိုလ်ဥာဏ။
၁၈။ သခင်ထွန်းလွင် -- ဗိုလ်ဗလ။
(၂) ကျောင်းသားအဖွဲ့.....
၁၉။ ကိုထွန်းရှိန် -- ဗိုလ်ရန်နိုင်။
၂၀။ ကိုလှမောင် -- ဗိုလ်ဇေယျ။
၂၁။ ကိုလှ -- ဗိုလ်မင်းရောင်။
မှတ်ချက်။ ။ ကျောင်းသားအဖွဲ့သည် သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းရုံးသြဇာခံဖြစ်သည်။
(၃) သခင်ထွန်းအုပ်၊ သခင်ဗစိန် တို့ဗမာအစည်းအရုံး.....
၂၂။ သခင်ထွန်းအုပ်
၂၃။ သခင်အောင်သန်း -- ဗိုလ်စကြာ။
၂၄။ သခင်ရှုမောင် -- ဗိုလ်နေဝင်း။
၂၅။ သခင်ထွန်ခင် -- ဗိုလ်မြင့်ဆွေ။
၂၆။ သခင်ငွေ -- ဗိုလ်စောအောင်။
၂၇။ သခင်သစ် -- ဗိုလ်စောနောင်။
၂၈။ သခင်ကျော်စိန် -- ဗိုလ်မိုးညို။
၂၉။ သခင်သန်းတင် -- ဗိုလ်သန်းတင် ပေါင်း (၈)ဦး
(၄) တသီးပုဂ္ဂလအဖွဲ့....
၃၀။ ကိုဆောင်း -- ဗိုလ်ထိန်ဝင်း (ဂျပန်၌ ရက်ကန်းပညာသင်ရန်ရောက်ရှိသူ)။
(၅) ရဲဘော်သုံးကျိပ် ခေါင်းဆောင်ပိုင်း (၁၀)ဦး....
၁။ သခင်အောင်ဆန်း -- ဗိုလ်အောင်ဆန်း (ဗိုလ်တေဇ)
၂။ သခင်ထွန်အုပ် --
၃။ သခင်လှဖေ-- ဗိုလ်လက်ျာ။
၎။ သခင်အောင်သန်း -- ဗိုလ်စကြာ။
၅။ သခင်လှမောင် -- ဗိုလ်ဇေယျ။
၆။ သခင်ရှုမောင် -- ဗိုလ်နေဝင်း။
၇။ သခင်ထွန်းရှိန် -- ဗိုလ်ရန်နိုင်။
၈။ သခင်ဗဂျမ်း -- ဗိုလ်လရောင်။
၉။ သခင်စံလှိုင် -- ဗိုလ်မှုးအောင်။
၁၀။ သခင်လှမြိုင် -- ဗိုလ်ရန်အောင်။
(၆) အထက်ပါ (၁၀) ဦးတွင် အမှတ်စဉ် ၁ မှ ၆ အထိ (ဗိုလ်နေဝင်း) အထိကိုခေါင်းဆောင်လူကြီးပိုင်း သဘောထားပြီး ကျန်(၄)ဦးကို ခေါင်းဆောင်လတ် သဘောထားကြသည်။
(ဗိုလ်ချုပ်ကျော်ဇော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပါမှ)

သံစဉ်...............

ဒါန (၇)မျိုး

အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။
“အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်” ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။ ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။
‘အသင်ဤသို့မဟုတ်သည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။ ထိုခုနှစ်မျိုးမှာ
၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း၊ အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊
၂။ နှတ်ဖြင့် အလှူဒါနပြုခြင်း၊ အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။
၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း၊ စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊
၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း၊ ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊
၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း၊ ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း၊
၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။
၇။ နေအိမ်အလှူဒါနပြုခြင်း ၊ မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။

မည်သူမဆို ဤအလှူဒါန ခုနှစ်မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့်အကျင့် ကောင်းရှိလျှင်
အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။

ပါမောက္ခဒေါ်ခင်ဖြူ(မြင်းခြံ)… မြတ်မင်္ဂလာစာစောင်။ ။

မျိုးဆက်သစ်သို့

မထင်မှတ်ပဲဖြစ်ပေါ်ခဲ့တဲ့ စကားဝိုင်းလေး တစ်ခု ဆီမှ စကားလုံးများကို ဦးဇင်းအပါဝင် တခြားမိတ်ဆွေများကိုလဲ သိစေချင်တဲ့ စေတနာလေးက ရင်ထဲကို တိုးဝင် ဖြစ်ပေါ်လာခဲ့တာကြောင့်မို့လို့
ဒီ မျိုးဆက်သစ်သို့ လို့ နာမည်လေးပေးပြီး ဆောင်းပါးလေးတစ်ပုဒ်ဖြစ်အောင် ကြိုးစားခဲ့တာပါ၊
စကားဝိုင်းလေးဖြစ်ပေါ်လာဖို့ အတွက် အဓိက ဇာတ်ဆောင်ကတော့ ဦးဇင်းကို ဆွမ်းစားကြွဖို့ ပင့်ဖိတ်ခဲ့တဲ့
ဦးဇင်းရဲ့ နော်တော် Dr.အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်) ပေါ့၊ သူ့ကိုပင့်ဖိတ်ထားတဲ့ ဒကာများရဲ့အိမ်ဂေဟာနန်းသို့ ဦးဇင်းကိုပါ ဖိတ်ခေါ်ခဲ့တာပေါ့…. စံပြဈေးကြီး နားက ရပ်ကွက်လေးတစ်ခုမှာပါ အဲဒီနေ့က ဆွမ်းစားလို့ လဲ အလွန်ကောင်းခဲ့ပါတယ် ၊ ဆွမ်းစားပြီး မုန့်ဖက်ထုပ်တွေကိုတောင် ပြည့်ဝနေတဲ့ ဗိုက်က လက်မခံတော့ တဲ့ကြားထဲက ပါးစပ်က စားချင်လွန်းလို့
ကိုယ့်ဗိုက်ကို ကိုယ် တောင်းတောင်းပန်ပန်နဲ့ စားခဲ့လေရဲ့၊ အဲဒီနေ့က ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်
ကညင်ကုန်းကျေးရွာမှ အခြေခံပညာ ကျောင်းမှာ ပညာသင်ယူနေကြတဲ့ အနာဂတ်ကြယ်ပွင့် ငယ်လေးများထဲမှ ဆင်းရဲ ရှားပါးတဲ့ ကလေးငယ်များအတွက် အရှင်ဝိမလဝံသရဲ့ ဒကာမတစ်ဦးမှ လှူဒါန်းတဲ့ ကျောင်းဝတ်စုံလေးတွေကို နော်တော်ကြီးက လက်ခံပြီး သူကိုယ်တိုင်လဲ အလှူငွေပါဝင်ကာ
ကုသိုလ်ပွဲလေးတစ်ခုကို အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာပဲ ခမ်းနားစွာ ကျင်းပခဲ့ကြပါတယ်၊ ထိုနေ့က ကညင်ကုန်းကျေးရွာမှ ဒကာကြီးတစ်ယောက် ပါတယ် ၊ နောက်ပြီး စကားဝိုင်းလေးရဲ့ အဓိက လူဖြစ်တဲ့ အတွက် ကြောင့်မို့ ဆရာဦးသောင်းထွဋ် ကိုတော့ ဒီနေရာမှာ ဂုရု ဆိုတဲ့ ဝေါဟာရနဲ့ တင်စားပြီး ပြောချင်ပါတယ်၊ နော်တော် Dr.ဝိမလဝံသက အိန္ဒိယ မှ ခနပြန်ရောက်လာတယ်ဆိုပေမယ့် ၊ ကညင်းကုန်းကျေးရွာ မှာ တစ်ရွာလုံးမီးရရှိဖို့ အတွက် မီးစက်ကြီး တစ်လုံးကို ဒကာဒကာမများနဲ့ စုပေါင်းလှူဒါန်းဖြစ်ခဲ့ ပါတယ်၊ ထိုမီးစက်ကြီးရေစက်ချ လှူဒါန်းပွဲကိုလဲ ပါရမီဖြည့်တဲ့ အနေနဲ့ နောက်ပါ ပစ္ဆာသမဏအဖြစ် ဦးဇင်းတို့ က လိုက်ပါဆောင်ရွက်ပေးခဲ့ ပါတယ်၊ အဲဒီ ကိစ္စကနေစပြီး စကားဝိုင်းလေးကို စတင်စေခဲ့တာပေါ့ ပြောခဲ့ကြတာကတော့ အများသားဗျ ဒါပေမယ့် အလွန်သဘောကျပြီး နှစ်ခြိုက်မိတဲ့ စကားလေးများကို ပြန်ပြောပါဆိုရင်တော့ … မျိုးဆက်သစ်လူငယ်များရဲ့ အနာဂတ်လှပဖို့ ခု ဒီစကားဝိုင်းမှာ ထိုင်နေကြတဲ့ သူအားလုံးက တာဝန်သိစွာ
ဘယ်လို ဆောင်ရွက်ရမယ် ဘယ်လိုစိတ်ဓာတ်တွေမွေးမြူပေးရမယ်ဆိုတဲ့ စကားလေးတွေပါပဲ၊ ဦးဇင်းတို့က
ဘုန်းကြီး ဖြစ်နေတာတော့ မှန်ပါရဲ့ ဒါပေမယ့် တစ်ခါ တစ်ရံမှာ လူပညာရှိတွေနဲ့ကြုံတွေ့တဲ့အခါ ဦးဇင်းတို့က အာရုံစိုက်နားထောင်ကြရပါတယ်၊
လူမှာအမျိုး ကြက်မှာအရိုး ဆိုတဲ့ စကားပုံလေးအတိုင်းပါပဲ ၊ မျိုးရိုးဆိုတာမတိန်ကောနိုင်ပါဘူး
လူတော်တစ်ယောက်မွေးဖွားပေးနိုင်တဲ့ လူ့အသိုင်းဝိုင်း၊ ထိုလူနေထိုင်တဲ့ မြို့ နှင့် နိုင်ငံ မှာ ထိုလူရဲ့ ကောင်းကျိုးပြုလုပ်ငန်းတွေရဲ့ အကျိုးဆက်ကောင်းတွေကို ခံစားကြရ ပါတယ်၊ အခြေခံစိတ်ဓာတ်ကောင်းမြတ်တဲ့ သူတွေရဲ့ အောင်မြင်မှုဟာ အများအတွက် တကယ်အကျိုးရှိပါတယ်၊
လက်ရှိဦးဇင်းတို့ တွေ့ကြုံနေရတဲ့ လူ့ပတ်ဝန်းကျင်မှာ အများအတွက် အကျိုးပြုနိုင်တဲ့လူတော်တွေ
လူကောင်းတွေ အများကြီး မွေးဖွားလာဖို့ မျှော်လင့်ပါတယ်၊ ရှေးကလူပညာရှိ ရဟန်းပညာရှိများရဲ့
ပညာနို့ရည်တွေ သောက်စို့ သုံးဆောင်နိုင်ခဲ့ ကြတဲ့ ယနေ့ လူတော်လူကောင်းများဟာ အတ္တဟိတ
ပရဟိတ နှစ်ပါးလုံးကို အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေကြတာဟာ ဝမ်းသာစရာပါ
လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ မှာ အေးချမ်းစွာနေထိုင်နိုင်ပြီး သာယာတဲ့ဘဝလေးတွေကိုပိုင်ဆိုင်နိုင်ဖို့
လူငယ်များရဲ့ ပညာရေး နဲ့ ယဉ်ကျေးမှုဟာ လဲ အင်မတန်အရေးကြီးပါတယ်၊ ပညာရေးကောင်းမွန်မှ
ယဉ်ကျေးမှုနဲ့ တခြားစီးပွားရေးစတဲ့ အရေးပေါင်းများစွာကို အကောင်းဆုံးဖန်တီးနိုင်မှာပေါ့၊
ဦးဇင်းတို့ရဲ့ အဲဒီစကားဝိုင်းလေးမှာ ဂုရုကြီးက တော့ ပြောတယ်ဗျ၊…
အရှင်ဘုရားတို့ဟာ တပည့်တော်တို့ ရဲ့ မျိုးဆက်သစ်တွေပါပဲ ရိုသေစွာ လျှောက်ထား ချင်ပါတယ်၊
အရှင်ဘုရားတို့ ဟာ သာသနာအတွက် ဘာသာအတွက် လူမျိုးအတွက် နိုင်ငံအတွက် သားကောင်းတစ်ယောက် ဖြစ်လာဖို့ကိုလဲ မျှော်လင့် ချင်ပါတယ်၊ နောက်ပြီး အရှင်ဘုရားတို့ မွေးထုတ်ပေးမယ့် ကိုရင် ငယ်များနှင့် ကျောင်းသားများ ထဲမှာမှ လူတော်လူကောင်း အာဇာနည်တစ်ယောက် ပေါ်ထွက်ခဲ့ မယ်ဆိုရင် ပဲ ကြိုးစားရကျိုးနပ်ပါတယ်ဆိုတာကို သူပြောပြပါတယ်၊
ထွန်းထွန်းကားကား၊ ယောက်ျားတစ်ဆူ။
ထိုသသူကား၊ လူ၌သော်လည်းရနိုင်ခဲ့၏၊
ကြောင်းကျိုးစစ်၍၊ ကျိုးပြစ်ရှုမျော်သိမြင်ပါမူ၊
လေးဖော်မျိုးစစ်၊ မှီရာဖြစ်လိမ့်………..။ ရှေးသူတော်ကောင်းများရဲ့ အဆိုအမိန့်များဟာအင်မတန်
မှတ်သားစရာကောင်းလှပါတယ်၊ ထွန်းကားတောက်ပြောင်တဲ့ လူတစ်ယောက်ကို အမျိုးတစ်ခုမှ
မွေးဖွားပေးနိုင်ခဲ့မယ်ဆိုရင် လေးပါးသောအမျိုးတို့ မှီရာဖြစ်တယ်ဆိုတာကို ရည်ညွှန်းထားတဲ့ ကဗျာလေးပါ
ဒီစကားလုံးတွေကို မြတ်စွာဘုရားရှင်ဟောကြားထားခဲ့တာရှိပါတယ်၊
ညောင်တစ်ပင်ကောင်းတော့ ငှက်တစ်သောင်း နားခိုနိုင်တယ် ဆိုတဲ့ စကားပုံတွေလဲ အထင်အရှားရှိနေတယ်မဟုတ်လား၊ ဒါကြောင့်မို့ အနာဂါတ်မျိုးဆက်သစ်တွေကို လူတော်တွေအနေနဲ့ မွေးထုတ်ပေးနိုင်ဖို့ ကြိုးစားဖို့ တာဝန်ဟာ ယနေ့ ရှင်သန်နေကြတဲ့ ပစ္စုပ္ပန်လူတော်တွေမှာ ဝတ္တရား ရှိတယ်ဆိုတာကို ပြောချင်ပါတယ်၊ နောက်ပြီးတော့ အဲဒီစကားဝိုင်းလေးမှာ ဂုရုကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းတစ်စိတ်တစ်ဒေသကိုလဲ ပြောပြခဲ့လေရဲ့၊ ငယ်ငယ်တုန်းက ခက်ခဲတဲ့ လောကဓံတွေကို ကျော်လွှား ရုန်းကန်ကြိုးစားပြီး နေခဲ့ရတယ်ဆိုတာတွေပေါ့ ၊ ယနေ့ အောင်မြင်ကျော်ကြားတဲ့ လူတော်တွေ အများစုဟာ ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်းခဲ့ရတယ်ဆိုတာကို
ဦးဇင်းတို့ မိတ်ဆွေများလဲ တော်တော်လေးသိပြီးသားဖြစ်မှာပါနော်…… တစ်ခါတစ်လေမှာ ကိုယ်တိုင်က
လူတော်မဖြစ်ခဲ့ရင်တောင်မှ လူတော်တွေဖြစ်ဖို့ အထောက်အပန့်ပေးနိုင်ခဲ့မယ်ဆိုရင်လဲ ဒါဟာ ကျေနပ်စရာ
ရလဒ်တစ်ခုပါ၊ ခေါင်းဆောင်ကောင်း မဖြစ်နိုင်ခဲ့ ရင်တောင်မှ နောက်လိုက်ကောင်းတော့ ဖြစ်ကြဖို့ လိုပါတယ်၊ ဆရာကောင်းတစ်ယောက် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် တပည့်ကောင်းတစ်ယောက်ဖြစ် ဖို့ အရင်ကြိုးစားရပါလိမ့်မယ်၊ တပည့်ကောင်းတစ်ယောက်ဆိုတာ
ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မျိုးဆက်သစ်ပါပဲ၊ နောက်လိုက်ကောင်းတစ်ယောက်ဆိုတာ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ မျိုးဆက်သစ်ပါပဲ၊ နောက်ပြီး ယနေ့ အသက် ၃ဝ အတွင်းမှာ
ဖြစ်တည်နေကြတဲ့ ဦးဇင်းတို့လို လူငယ်များအတွက် (တဘောင်) လို့ခေါ်တဲ့ ရှေးစကားတွေကို ခုချိန်မှာ
အဓိပ္ပါယ်ရှင်းလင်းစွာ သိနားလည်ဖို့ ခဲယဉ်နေမယ်လို့ ထင်ပါတယ်၊ အဲဒီနေ့က အလွန်ကြိုက်မိတဲ့ တဘောင် စကားလေးတစ်ခုကို ဂုရုကြီးဆီက ရေးသားမှတ်ယူခဲ့ပါတယ်၊
နောက်ပြီး ဗဟုသုတ ကြွယ်ဝတဲ့ လူတစ်ယောက်နဲ့ စကားပြောရခြင်းဟာ စာအုပ်များစွာကို ဖတ်ရှုရသလိုပါပဲ ဆိုတာကိုလဲ သဘောပေါက်မိပါတယ်၊ သူပြောပြတဲ့ ဟောဒီ တဘောင် လေးက
အမှန်တော့ အဓိပ္ပါယ်အင်မတန်လေးနက်တယ်ဆိုတာကို သူပြောပြလို့ ဦးဇင်းတို့ သိခဲ့ရပါတယ်၊
ဒါပေမယ့် အဲဒီ အဓိပ္ပါယ်စသည်ကိုတော့ ဒီဆောင်းပါးလေးမှာ ချမရေးလိုက်တော့ပါဘူး၊ အချိန်အားလပ်ကြုံကြိုက်တဲ့ ခါမှာ မာတီဆိုဒ်လေးမှာတော့ တင်ထားလိုက်ပါမယ်၊ လောလောစဉ်မှာလဲ
ဦးဇင်းတို့ ဆရာတော်ကြီးရဲ့ စာမူကြမ်းတစ်ချို့ကို စာအုပ်ဖြစ်မြောက်ဖို့ လုပ်ဆောင်နေရတော့ သိပ်မအားလှဘူး မာတီ မိတ်ဆွေများအနေနဲ့ ကိုယ်တိုင်က လူတော်တွေ လူလိမ္မာတွေ ဖြစ်နေကြရုံနဲ့
တာဝန်မကျေဘူးနော် ကိုယ့်လို လူတော်လေးတွေ မျိုးဆက်သစ်လေးတွေကို မွေးဖွားပေးနိုင်ဖို့ ကိုလဲ
မလစ်ဟင်းကြဖို့ သတိပေးချင်တာပါ၊ ခုချရေးလိုက်တဲ့ စာတွေ နဲ့ ဒီ တဘောင် စကားလေးနဲ့ တော့
သိပ်မဟက်စပ်ဘူးထင်ပါတယ်…… သို့သော်လည်း ဒီစကားလေးကိုပဲ ဦးဇင်းတို့ မိတ်ဆွေများကို
သိစေချင်တဲ့ စေတနာလေးတစ်ခုကို အားကိုးပြီး ဒါလေးကို ရေးပေးလိုက်ပါတယ်။

တပင်တိုင် ခဝါချ၊ နာလှတဲ့ အသီးတွေ၊ တွန့်လို့သာကြွေ။
အသီးကြွေ ရာသီပြောင်း၊ သာသနာမောင်း ရှေကဆော်၊ ဒေါင်းတွေကအော်။
ဒေါင်းအော်လျင်၊ သူလာလိမ့်လေး၊
ခြင်္သေ့မင်းတန်ခိုးကြွယ် တိုးလို့ကွယ်ပူလိုက်ဦး။
ဂူပုန်းတဲ့ရှင်ကြီးပျော်ရယ်၊ သမီးတော် လွှတ်လိုက်ပါအုံး၊
ဇာနည်ကြက်မ တွန်လျင်၊ ဤဇမ္ဗူတွင် လင်း၍မဆုံး။

ဒါလေးပါ၊ နောက်ပြီး ပြောအုံးမယ်
ရှေးကကောင်းလို့ ခုကောင်းပါသည်၊ အခုကောင်း နောင်ကောင်းပါလိမ့်မည်၊ ဆိုတဲ့ ဂန္ဓာရုံဆရာတော်ကြီးရဲ့
အဆိုအမိန့်ဟာလဲ အလွန်ကောင်းပါတယ်၊ ရှေးကလူကြီးမိဘ လူပညာရှိ ရဟန်းပညာရှိများ ကောင်းခဲ့လို့
ဦးဇင်းတစ်တွေဟာ ကောင်းကျိုးရဲ့ အသီးပွင့်တွေကို စားသုံးနေကြရပါတယ်၊ ဒီတော့ ဦးဇင်းတို့ တစ်တွေ
ကောင်းခဲ့မယ်ဆိုရင် နောင်မျိုးဆက်သစ်တွေ ဟာ အခုလူတွေရဲ့ ကောင်းကျိုးအသီး အပွင့်တွေကို
စားသုံးပြီး အနာဂတ် ဘာသာ သာသနာ နဲ့ နိုင်ငံ လူမျိုး အတွက် မျိုးသစ်ကောင်းတွေ ဖြစ်လာလိမ့်မယ်လို့
မျှော်လင့် ရင်း……………..မျိုးဆက်သစ်တို့ ရဲ့ တောက်ပတဲ့ ကြယ်ပွင့်များနဲ့ထွန်းလင်းတဲ့ ကောင်းကင်ပြာပြာကြီးကို လက်ကမ်းကြိုပါရစေ……..။

အရှင်သိရိန္ဒ (သာသနာ့အေးရိပ်)
တာမွေ၊ ရန်ကုန်။

အသိတရားရဲ့ နောက်ကွယ်..








ကိုယ့်ဘဝ ၊ ကိုယ်အမြင် ၊ ကိုယ့်အတွေးနဲ့ဘဲ ၊ အသိတရားရဲ့နောက်ကွယ်က ၊ ဖြစ်ပေါ်နေတဲ့ စစ်မှန်တဲ့ ရင်ဖွင့်သံစဉ်နဲ့ ပူဇော်ခြင်တာပါ ၊ အသိတရားတို့ မရင့်ကျက်သေးတဲ့ အချိန် ၊ အတွေးတွေ စိတ်ကူးတွေ အကောင်ထည်မဖော်နိုင်သေးတဲ့ အချိန်၊ နုနယ်သေးတဲ့ အသိဥာဏ်မို့ ၊ မိမိရဲ့ အတွေးအခေါ်သည် မှားသလား မှန်သလားလို့တောင် မစဉ်စားတက်သေးဘူးဆိုရင် ပို၍ မှန်ကန်ပါလိမ်မယ်၊ တကယ်စဉ်စားမိတာက အတွေးဟူသည် ၊ လူသားတိုင်းရဲ့ အတားစီးမရှိ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့် ကျင်လယ်ခွင့် ရှိတယ်လို့သာ ယုံကြည့်မျှော်လင့်ရင်း ၊ အသိတရား တစ်ခုရဲ့ နောက်ကွယ်က ၊ ကြည်ညိုမိခြ င်းဆိုတဲ့ ခေါင်းစဉ်တစ်ခုပါပဲ ၊
အဘယ်ကြောင့် ကြည်ညိုသလဲဆိုရင်၊
(၁)ဆရာတော်သည် တည်တန့်ခန့်ငြားစွာ တရားဓမ္မများကို ဟောကြားခြင်း ၊
(၂)ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာတော်ကို လူပိန်းလူဖျင်းနားလည် သဘောပေါက်အောင် ဟောပြနိုင်ခြင်း ၊
(၃)အသက်ရွယ် အိုမင်းသော်လည်း မြို့အရပ်ရပ် နယ်အရပ်ရပ်သို့ကြွရောက်၍ တရားဓမ္မများလှည့်လည်ဟောပြောခြင်း၊
(၄)မိမိခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှု့ကို အဓိက မထား ပြည်တွင်း ပြည်ပ သာသနာပြု အရေးကို ဆောင်ရွက်ခြင်း ၊
(၅)မိမိရဲ့ တပည့်များအတွက် စံပြနမူနာ အဖြစ် ရှေ့စောင် လမ်းပြခြင်း ၊
(၆)ရဲ့ဝံ့သတ္တိဖြင့် ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခြင်း ၊
(၇)ယနေ့ အချိန်ခါထိ ဆရာတော်ဘုရားသည် အသက်ရွယ် အိုမင်း ကြီးရင့်သည်တိုင်အောင် ၊ နေ့မအား ညမအားဖြင့် ပြည်တွင်း ပြည်ပ အနယ်နယ် အရပ်ရပ် ခရီးသွား၍ ၊”ငါ့သားရဟန်းတို့ လူများစွာတို့ ချမ်းသာဖို့ ‘ ဓမ္မ ‘ ကို ဟောကြားကြ” ဟူသော ဘုရားရှင်မိန့်မှာတော်မူသော စကားရပ်ကို လေးလေးနက်နက် ခံယူလျှက် ဆရာတော်ဘုရားသည် ၊ တစ်နှစ်တာကာလ၏ ပြက္ခဒိန်ရက်ပေါင်း (၃၆၅)ရက်တွင် နေ့တရားပွဲ ၊ ညတရားပွဲ ၊ မိုးကုတ်ရိပ်သာ (၇) ရက် (၈)ရက် (၁၀)ရက် (၁၅) ရက် (၃၀)ရက်တရားစခန်းပွဲကြီးများ ၊အနယ်နယ်အရပ်ရပ် ၊ ပြည်တွင်း ပြည်ပ ၊ တို့၌ တရားဓမ္မများကို လှည့်လည် ဟောပြောလျှက် သာသနာပြုလုပ်ငန်းတွေကို ၊နေ့မအား ညမအားဆောက်ရွက်လျှက် ၊ မိသာလျှင် မက ၊ မိမိရဲ့ တပည့်များကိုလဲ ၊ သာသနာပြု လုပ်ငန်းတွေ ပြုလုပ်ကြရန် တိုက်တွန်းနိုးဆော်ရင်း ၊ ရှေ့ဆောင်လမ်းပြ အဖြစ် ဆောင်ရွက်နေခြင်းကား ၊ တပည့်များအနေ့နဲ့ ဂုဏ်ယူ ဝင့်ကြွားချင်းဟာ ၊ အပြစ်တစ်ခုလို့ တော့ မထင်ပါ။
ထိုသို့ ဆရာတော် ဘုရားကြီးသည်၊ ခရီသွားနေ၍ ၊ ခန္ဓာကိုယ်ရဲ့ပင်ပန်းခြင်း စိတ်ရဲ့ပင်ပန်းခြင်း အစရှိတဲ့ ဒုက္ခပေါင်းမြောက်များစွာကို ခံရသော်လည်း ၊ ဆရာတော်ဘုရားကြီးရဲ့ စိတ်မှာကား ၊ ပျော်ရွှင်ကြည်နူးမှုရှိကြောင်းကို “ငါအခုလို ခရီသွားရတာ ပင်ပန်းပေမဲ့ ငါတကယ် ကျေနပ်အားရပါတယ် ငါတကယ်ချမ်းသာပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ငါအခုလုပ်နေတဲ့ လုပ်ငန်းတွေ၊ အကျိုးစီပွားတွေကို၊ အများပြည်သူဒကာ ဒကာမတွေ ပျော်ပါးစွာ အသုံးချ ခံစားခွင့် ရပြီးဆိုရင် ၊ ငါကျေနပ်တယ် ငါပျော်တယ်၊ ဒီပျော်ရွှင်မှု့သည်ပင် ငါရဲ့အကျိုးအမြတ် ၊တစ်ခုပါဟု ၊ တရားဓမ္မ ဟောပြောပွဲက ပြန်လာတိုင်း ၊ တပည့်များကို သြဝါဒ မိန့်မှာတော်မူခြင်းဟာ ၊ ဆရာတော်ဘုရားရဲ့ မြင့်မြတ်သော စိတ်ဓါတ်ကို ဖော်ပြနေပါ၏ ။
ဒါကြောင့် သာလျှင် ဆရာတော်ဘုရားကြီးသည် ၊အီတာလျံ ဘုန်းတော်ကြီး ဦးလောကနာထ ၏ အဆိုအမိန့်နဲ့လည်းကိုက်ညီပါ၏ “The water that flows is clear, The monk who goes also is pure ” ရေဆိုသည်မှာ စီးဆင်းနေမှသာလျှင် ကြည်လင် သန့်ရှင်း၏ ၊ ရဟန်းဆိုသည်မှာလည်း အမြဲတမ်းခရီးသွားနေမှသာလျှင် ကြည်လင်သန့်ရှင်း၏”
“သံကောင်းသည့်ဓါး ဖြစ်တုန်းငြားလည်း ၊
ကျောက်သွားထက်ပင် မပြုပြင်က ၊
သံပင်ကောင်းလျှက် ဓါးမထက်”
မှန်ပါပေ၏ သံသည် အသုံးမပြုလျှင် သံချေတက်၏ ၊
ရေသည်လည်း မစီးဆင်းလျှင် ရေမှော်တို့ဖြင့် ညစ်ပတ်၏၊
စိတ်သည်လည်း လှုပ်ရှားမှု့ မရှိလျှင် စွမ်းအား သတ္တိများ ကျဆင်းပါသည်။
ထိုကဲ့သို့ပဲ ဆရာတော်ဘုရားကြီးရဲ့ မြင့်မြတ်တဲ့ အထက်ပါ ဂုဏ်ရည်တို့အတွက် မိမိသာလျှင် မက ပြည်တွင်းပြည်ပ သိရှိသူ အားလုံးက ကြည်ညိုမိခြင်းကား အဘယ်မှာလျှင် ဆုံးနိုင်ပါအံ့နည်း ၊ ဤကဲ့သို့ အများအကျိုး သာသနာ့အကျိုးကို လိုလိုလားလားဖြင့် ဆောင်ရွက်နေခြင်းသည်ကား ၊ မိမိ အပါဝင် တပည့်များ အားလုံးအတွက် ဂုဏ်ယူဝင့်ကြွား စရာ မဟုတ်ပါလော့ ၊ လူသားတို့ သဘာဝသည် ချိုမြိန်သည့် အသီးတို့ဖြင့် ဝေဆာနေသည့် သစ်ပင်ကြီးတစ်ပင်ကို မြင်လျှင် ထိုသစ်ပင်မျိုးကိုသာ လိုချင်တပ်မက်ကြ၏ ၊ ထိုသစ်ပင်မျိုးကို ရအောင် မည်သို့ ပြုစုပျိုးထောင်ခဲ့ရသည်ကိုတော့ မစဉ်းစား မတွေးခေါ် မေ့နေတက်ကြပေသည် ၊ ထိုနည်းတူစွာပင် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့မဟုတ် ) အဖွဲ့အစည်း တစ်ခုအောင်မြင် ကျော်ကြားလျှင် ထိုအောင်မြင်ကျော်ကြားမှု့ကို ကြည့်ပြီး ၊ မိမိ ပါဝင်သည့် အဖွဲ့အစည်းကိုလည်း ထိုကဲ့သို့ အောင်မြင်ကျော်ကြားချင်ကြ၏ ၊ သို့သော် အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့စည်းတစ်ခု၏ နောက်ကွယ်၌ ရှိသော ပေးဆပ်ခဲ့ရသည် “အရင်း အနှီး” ကိုကား သတိမထားမိကြပေ ။
မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းဖြစ်ဖြစ် ခိုင်မာသည့် ယုံကြည်ချက် မီးလျှံတို့ဖြင့် ၊ ထက်သန်တဲ့ လုံးလ ဝီရိယ တို့ဖြင့် ကြီုးစား ၊ အားထုပ်မှသာလျှင် အောင်မြင်မှု့ သရဖူကို ဆွပ်ခူးနိုင်ကြပေမည် ၊ ဤကားမှန်ပါပေ၏ ၊ ယနေ့ အောင်မြင်သော ဆရာတော်ဘုရားကြီး ဦးစီး၍ တည်ထောင်နေသော မိုးကုတ်ဓမ္မရိပ်သာကြီး သည်လည်းပဲ ၊ ထိုကဲ့သို့ ဆရာတော်ဘုရားကြီးရဲ့ ခိုင်မာသည့် ယုံခြင်ချက် မီးလျှံတို့ဖြင့် နေ့မနား ညမနား ၊ ကြီုးစား အားထုက်နေမှု့ကြောင့်သာ အောင်မြင်တိုးတက်နေခြင်း ဖြစ်ပေသည် ၊
အမှန်တကယ်ကား ကြီးကျယ် မြင့်မြတ်သော “အရင်း အနှီး” များကြောင့် ကြီးကျယ်မြင့်မြတ်သော အကျိုးအမြတ် များကို ရရှိခြင်းဖြစ်ပေ၏ ။
(န ဘိက္ခဝေ ဟီနေန အဂ္ဂဿ ပတ္တိ ဟောတိ ၊ အဂ္ဂေနေဝ အဂ္ဂဿ ပတ္တိ ဟောတိ )

ထိုသို့ ဆရာတော်ဘုရားရဲ့နေ့မအား ညမအား ကြိုးစားအားထုပ်မှု့ကြောင့်သာ ယနေ့အချိန်ခါထိ ရွေမန်းသဘင် တရားဓမ္မရိပ်သာကြီး ဝေဝေဆာဆာ သိုက်သိုက်ဝန်းဝန်းဖြင့် စီကားနေခြင်းဖြစ်ပေ၏ ၊
ဆရာတော်ဘုရားကြီးရဲ့ သီလဂုဏ် ၊သမာဓိဂုဏ် ၊ပညာဂုဏ် ၊ သာသနာ့စိတ်ဓါတ် ၊ စသဖြင့် ကြီးကျယ် မြင့်မြတ်သော စိတ်ဓါတ်တို့ကား ၊ အဘယ်မှာလျှင် တပည့်တစ်ယောက်အနေနဲ့ မကြည့်ညိုဘဲ ရှိအံ့နည်း ၊
ဆရာတော်ဘုရားကြီးရဲ့ ဆုံမသွန်သင် လမ်းပြမှု့အောက်မှာ ကြီးပျင်းလာရင်းဖြင့် ရင်ထဲမှာ တစ်ဖွဖွ ဖြစ်ပေါ်မှိတာက “The more I know him, the more I love him;” ဆရာတော်ဘုရားကြီးရဲ့ အကြောင်းကို ပို၍ ပို၍ သိလေလေ ပို၍ ပို၍ ကြည်ညိုလေလေ ဖြစ်ရပါ၏ ။
မိမိတပည့်များကိုလည်း လမ်းမှားမရောက်စေဘို့ ၊ ပညာဂုဏ်ရည်တိုးတက်ဘို့၊ အသိဥာဏ်ပညာတို့ရင်ကျက်စေဘို့၊ ပညာသင်ကြားနေရတဲ့ အခါ ဆင်းရဲဒုက္ခ ပေါင်းစုံကို ၊ ဇွဲဇွဲသန်သန်နဲ့ ကျော်လွှားနိုင်ဘို့ ၊ လောကဓံရဲ့ အကောင်းအဆိုးတွေကို နားလည်းနိုင်ကြဘို့၊ စသည်ဖြင့် တပည့်တွေရဲ့ ဘဝရှေးရေးကို နေ့မနား ညမနား နဲ့ တရားပွဲ ဓမ္မသဘင်တွေရဲ့ ကြား ၊ ချွေးတစ်လုံးလုံးနဲ့ကူးဖြတ်ရင်း ၊ ပင်ပန်းနွမ်းနယ်မှု့ တွေကို တဒင်္ဂလေးမှ မရပ်နားစေတဲ့ ၊
“ အော် .. ၊ငါတပည်တွေ ပညာတက်ဖြစ်အောင် ငါဘယ်လို သွန်သင်ညွန်ပြရမလဲ ၊ ငါဘယ်လိုဆုံးမရမလဲ ၊ ငါတပည့်တွေ ဘဝတိုးတက်ဘို့အတွက် ငါဘယ်လိုတွန်းအားမျိုးတွေ ပေးရမလဲ ၊ ငါတပည့်တွေ တစ်ချိန်မှာ ငါလိုပဲ ပွဲလယ်တင်ဘို့ အတွက် ငါဘယ်လိုမြောက်စားရမလဲ စသည်ဖြင့် မေးခွန်းပေါင်းများစွာကို အဖြေထုပ်ရင်း မောပန်း နွမ်းနယ်မှု့တို့ကို ပိုမိုကြီးထွားနိုင်စေတဲ့ “ ဆရာတော်ဘုရားကြီးရဲ့ ကြီးမားတဲ့ မေတ္တာတရားများကို “ ဆရာတော်ဘုရားကြီးရဲ့ ဘဝအမောပြေစေရန် “ တပည့်များအနေနဲ့ ဒီကျေးဇူးတွေကို ဘယ်လိုတုန့်ပြန်ကြမည်နည်း …….?
လောကတွင် လူအများ နေ့စဉ်နှင့် အမျှ အလွယ်တကူ ပြောဆို ခေါ်ဝေါ်နေကြပေတဲ့ စကားတခွန်းမှာ “ကျေးဇူးတင်ပါတယ် ‘ ကျေးဇူးပါ” ဆိုသော စကားနဲ့ပတ်သက်၍ ကမ္ဘာ အရပ်ရပ်မှာ ဝေါဟာရ စကားလုံးအမျိုးမျိုးဖြင့် လဲလှယ်ဖော်ပြကြသော်လည်း မပြောင်းလဲဘဲ အမြဲတူညီနေသည်ကတော့ “ကျေးဇူး (နဲ့)ကျေးဇူးတင်သည်စိတ်” တစ်ခုပါပဲ ၊ ခေတ္တမျှ ရပ်၍ စဉ်းစားမိလိုက်ကြစေလိုပါသည် ၊ မြန်မာစာအဖွင့် ကျမ်းနှင့် ကမ္ဘာအဘိဓာန်ကြီးများ၏ (Definition)တွင် မည်သို့ ကျယ်ပြန့်စွာ ဖွင့်ဆိုခဲ့ကြသည်ဖြစ်စေ တစ်ခုတည်းသော အနက်အဓိပ္ပါယ်ကို ဆွဲထုပ်ကြည့်မည် ဆိုပါလျှင် ၊ ကိုယ့်အပေါ်၌ ကိုယ့်ပတ်ဝန်းကျင်ရှိ တစ်စုံတစ်ယောက် ကောင်းကျိုးဖြစ်စေကြောင်း အထောက်ပံ့ကောင်း တစ်စုံတစ်ရာကို ပြုလုပ်ခဲ့ ပြောဆိုခဲ့ စောင့်ရှောက်ကူညီပံ့ပိုးပေးခြင်းကိုပင်လျှင် ”ကျေးဇူး” ဟုဆိုပါသည် ။
ထို့ကြောင့် ဆရာတော် ဘုရားသည် ၊ ငါတို့ အားလုံးအပေါ်၌ အမြဲတမ်းကျေးဇူး ရှိနေပါတယ်ဆိုတာကို တင်ပြခြင်းဖြစ်ပါတယ် ၊
ကျေးဇူး ၊ကျေးဇူးတင် ၊ ကျေးဇူးသိ ၊ ကျေးဇူးဆပ်၊ ဟုစကားရပ် လေးခုကို ညီမျှခြင်းချရမည် ဆိုပါလျှင် ကျေးဇူးတရားရှိတဲ့ သူကိုကျေးဇူးကျေအောင်ဆပ်တဲ့ ။ ဒါကြောင့် ။
“ How can we give our gratitude to him ” …? ဆိုတဲ့ စာကြောင်းလေးကိုငေးမောရင်း


အရှင်ပညာသီရီ (ဓမ္မာစရိယ )
B.A (Hnos) M.A (Pali and prakrit)
Ph.D (thesis )
India,


သံစဉ်........