Monday 6 August 2012

သစ္စာလေးပါးတရားမြတ်

သစ္စာလေးပါးဆိုရင် များသောအားဖြင့် သိဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင်များ သိရှိပြီးသားဖြစ်ကြမှာပါ၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ လို့ အသံကြားလိုက်တာနဲ့ အားလုံးသိရှိပြီးသား ဖြစ်ပါတယ်၊ အဲဒီ သစ္စာတရားများကိုလည်း ခွဲခြားဝေဖန်ပြီးသိရှိ နားလည်ကြဖို့ အရေးပါတယ် လို့ ယူဆရတဲ့ အတွက်ကြောင့်၊ ဘုန်းကြီးတို့ ဥာဏ်မှီသလောက် ဝိသုဒ္ဓိမဂ်မှာလာတဲ့ သစ္စာအကြောင်းကို မှီးငြမ်းပြီးတင်ပြချင်ပါတယ်။
သစ္စာလေးပါးကို စာသံပေသံနဲ့ တိတိကျကျလေး ပြောရရင်တော့ ဒုက္ခအရိယသစ္စာ, ဒုက္ခသမုဒယ အရိယသစ္စာ, ဒုက္ခနိရောဓ အရိယသစ္စာ,ဒုက္ခနိရောဓသို့ဆိုက်ရောက်သည့်အကျင့်ပဋိပဒါဟူသောမဂ္ဂအရိယသစ္စာ၊များဖြစ်ကြပါတယ်။သစ္စာလေးပါးအနက်မှ၊
ဒုက္ခသစ္စာ စတဲ့လေးပါးလုံးရဲ့ အနက်သဘောကို ဃနသေချာစွာသိရှိစေဖို့ အတွက် ၊

၁။ ။ ဒုက္ခသစ္စာ ရဲ့သဘောကား (က) ပီဠနဋ္ဌ = နှိပ်စက်ခြင်းသဘော၊ (ခ) သင်္ခတဋ္ဌ = ပေါင်းစု၍ပြုအပ်သောသဘော၊ (ဂ) သန္တာပဋ္ဌ = ပူလောင်စေခြင်းသဘော၊ (ဃ) ဝိပရိဏာမဋ္ဌ = ဖောက်ပြန်ခြင်းသဘော၊ ဒုက္ခသစ္စာ၏ ဤလေးပါးသော ဒုက္ခအနက် သဘောတရား များမှာ မှန်ကန်သောသဘောတရား၊ မချွတ်ယွင်းသောသဘောတရား ဤသဘောတရားမှ အခြားအခြင်းအရာမရှိဟုမှတ်သားသင့်၏။
၂။ ။ သမုဒယသစ္စာရဲ့ သဘောကား (က) အာယူဟနဋ္ဌ = အား ထုတ်ခြင်းသဘော၊ (ခ) နိဒါနဋ္ဌ = ဆင်းရဲ၏ အကြောင်းသဘော၊
(ဂ) သံ ယောဂဋ္ဌ = ဆင်းရဲနှင့်ယှဉ်စေခြင်းသဘော၊ (ဃ) ပလိ ဗောဓဋ္ဌ = နှောင့်ယှက်တားမြစ်ခြင်းသဘော တရားများဖြစ်ပါတယ်။
၃။ ။ နိရောဓသစ္စာရဲ့ သဘောကား (က) နိဿရဏဋ္ဌ = ထွက်မြောက်ခြင်းသဘော၊ (ခ) ဝိဝေကဋ္ဌ = သင်္ခါရတို့မှ
ကင်းဆိတ်ခြင်းသဘော၊ (ဂ) အသင်္ခတဋ္ဌ = မပြုအပ်သောသဘော၊ (ဃ) အမတဋ္ဌ = မသေမပျက်ခြင်းသဘော တရားများဖြစ်ပါတယ်။
၎။ ။ မဂ္ဂသစ္စာရဲ့ သဘောကား (က) နိယျာနဋ္ဌ = ထွက်မြောက်ကြောင်းသဘော၊ (ခ) ဟေတုဋ္ဌ (ခ) နိဗ္ဗာန်ရောက်ကြောင်းသဘော၊
(ဂ) ဒဿနဋ္ဌ = နိဗ္ဗာန် ကို မျက်မှောက်မြင်ခြင်းသဘော၊ (ဃ) အာဓိပတေယျဋ္ဌ = အကြီးအမှူးဖြစ်ခြင်းသဘော တရားများဖြစ်ပါတယ်။
ယခုပြဆိုပြဆိုခဲ့တဲ့ သဘောတရားများသည် သစ္စာလေးပါး ကို လေးပါး လေးပါးစီ ဝေဘန်ပြထားသည့် အစွမ်းအားဖြင့် မှတ်သားသင့်တဲ့
အဆုံးအဖြတ်ဖြစ်ပါတယ်။

သဒ္ဒါနက် လက္ခဏာအစရှိသော အပြားအားဖြင့် လည်း သစ္စာလေးပါးကို လေ့လာကြဦးစို့ ။ ။
၁။ ။ ဒုက္ခသစ္စာ = ဒုက္ခ ဟူသောပုဒ်၌ ဒု-ဟူသော သဒ္ဒါသည် စက်ဆုပ်ဖွယ်အနက်ဖြစ်တယ်။ ဥပမာ = စက်ဆုပ်ဖွယ် သားဆိုးကို ဒုပုတ္တ-ဟုဆိုကြသလိုမျိုး။ ခံ-သဒ္ဒါ သည် အချည်းနှီးဟူသောအနက် မှာဖြစ်တယ်။ ဥပမာ = အချည်းနှီး ကောင်းကင်ကို ခံ-ဟု ဆိုကြ၏။
ဤ ဒုက္ခသစ္စာ သည်လည်း များစွာသော ဥပဒ္ဒဝေါ တို့၏ တည်ရာ ဖြစ်သောကြောင့် စက်ဆုပ်ဖွယ်ကောင်း၏၊ မသိမလိမ္မာသူတို့ ကြံဆထားသော ခိုင်မြဲခြင်း, တင့်တယ်ခြင်း, ချမ်းသာခြင်း, အတ္တအဖြစ်တို့မှ ကင်းခြင်းကြောင့် အချည်းနှီးဖြစ်၏၊ ထိုသို့ စက်ဆုပ်ဖွယ်ကောင်းခြင်း အချည်းနှီးဖြစ်ခြင်း ကြောင့် ဒုက္ခ-ဟု ဆိုအပ်၏။ ဒါကြောင့် ယောဂီများအနေဖြင့် ဤဒုက္ခသစ္စာကို စက်ဆုပ်ဖွယ်ရာအချည်းနှီးဖြစ်တဲ့သဘောတရား ဟုမှတ်သားသင့်ပါတယ်။

၂။ ။ သမုဒယသစ္စာ = သမုဒယ ဟူသောပုဒ်ကို ၊ သံ+ဥ+အယ ။ ဦးစွာနားလည်ထားရပါမယ် ၊ သံ-ဟူသော သဒ္ဒါသည် ''(သမာဂမော) တွေ့ဆုံခြင်း, (သမေတံ)တကွဖြစ်သည်'' အစရှိသောပုဒ်တို့၌ ယှဉ်ခြင်းကိုပြ၏။ ဥ-ဟူသော ဤသဒ္ဒါသည် ''(ဥပ္ပန္နံ) ဖြစ်သည် (ဥဒိတံ) ဖြစ်သည်'' အစရှိ သောပုဒ်တို့၌ ဖြစ်ခြင်းကိုပြ၏။ အယ-သဒ္ဒါသည် အကြောင်းကိုပြ၏။ ဤဒုတိယသစ္စာသည်လည်း ကြွင်းသော (ကုသိုလ် အကုသိုလ်ကံ) အကြောင်းနှင့် ယှဉ်ခြင်းရှိလျှင် ဒုက္ခသစ္စာဖြစ်ခြင်း၏ အကြောင်းဖြစ်၏။ ဤသို့ အခြားအကြောင်းနှင့်ယှဉ်လျှင် ဒုက္ခဖြစ်ခြင်း၏ အကြောင်း ဖြစ်သောကြောင့် ဒုက္ခသမုဒယ- ဟုမှတ်သားသင့်ပါတယ်။

၃။ ။ နိရောဓသစ္စာ = နိ-သဒ္ဒါသည် မရှိခြင်းကိုပြ၏၊ ရောဓ-သဒ္ဒါသည် နှောင်အိမ်-ထောင်ကိုပြ၏၊ ထို့ကြောင့် ဤ နိဗ္ဗာန်၌ ဂတိအားလုံး ဆိတ်သုဉ်းသောကြောင့် သံသရာနှောင်အိမ်ဟု ဆိုအပ်သော (ဒုက္ခရောဓ) ဒုက္ခထောင်မရှိ၊ (ဤ အကြောင်းကြောင့်) တတိယသစ္စာကို ဒုက္ခနိရောဓ-ဟူ၍ ဆိုအပ်၏။
နည်းပြောရမယ်ဆိုရင် ထို နိဗ္ဗာန်ကိုရလျှင်သိလျှင် သံသရာနှောင် အိမ်ဟု ဆိုအပ်သော (ဒုက္ခရောဓ) ဒုက္ခထောင် ၏ မရှိခြင်း ကင်းခြင်းဖြစ်၏ (ဘာ့ကြောင့်လဲဆိုတော့)-ထိုဒုက္ခရောဓ၏ ဆန့်ကျင် ဖက် ဖြစ်သောကြောင့်ပင်၊ ဤသို့သော အကြောင်းကြောင့်လည်း ဒုက္ခနိရောဓ-ဟူ၍ ဆိုအပ်၏။ တနည်းကား ဒုက္ခ၏ မဖြစ်ခြင်းဟူသော ချုပ်ခြင်း၏ အကြောင်းဖြစ်သောကြောင့် ဒုက္ခနိရောဓမည်၏။

၎။ ။ မဂ္ဂသစ္စာ = ဤစတုတ္ထသစ္စာသည် အာရုံပြုသည့် အလိုအားဖြင့် ထိုဒုက္ခနိရောဓသို့ ရှေးရှုဖြစ်ခြင်းကြောင့်(ဒုက္ခနိရောဓ) ဒုက္ခချုပ်ရာသို့ (ဂစ္ဆတိ-ဂါမိနီ)သွားရောက်တတ်၏၊ ဒုက္ခနိရောဓသို့ ရောက်ခြင်း၏ အကြောင်းဖြစ်သော အကျင့် ပဋိပဒါလည်းဖြစ်၏၊ ထို့ကြောင့် စတုတ္ထသစ္စာကို ဒုက္ခနိရောဓဂါမိနီပဋိပဒါ-ဟူ၍ ဆိုအပ်၏။

လက္ခဏာအစရှိသော အပြားအားဖြင့် လည်း သစ္စာလေးပါးကို လေ့လာကြဦးစို့ ။ ဤသစ္စာလေးပါးတို့တွင်
၁။ ။ ဒုက္ခသစ္စာသည် နှိပ်စက်ခြင်းလက္ခဏာရှိ၏၊ ပူလောင်စေခြင်းကိစ္စရှိ၏၊ မပြတ်ဖြစ်နေခြင်းသဘောဟု ဉာဏ်အားရှေးရှုထင်၏။
၂။ ။ သမုဒယ သစ္စာသည် ဆင်းရဲ၏ အစဖြစ်ခဲ့ရာ အကြောင်းလက္ခဏာရှိ၏၊ ဒုက္ခမပြတ်စဲအောင် ပြုခြင်းကိစ္စရှိ၏၊ နှောင့်ယှ က် တားမြစ် သည့် အနေအားဖြင့် ဉာဏ်အားရှေးရှုထင်၏။
၃။ ။ နိရောဓသစ္စာသည် ငြိမ်းအေးခြင်းလက္ခဏာရှိ၏၊ မရွှေ့လျောခြင်း မသေ မပျက်ခြင်းဟူသော ပြည့်စုံသောဂုဏ်ရှိ၏၊ ဝါ-မသေမပျက်ခြင်းကိစ္စရှိ၏၊ ပုံသဏ္ဌာန် အရိပ်နိမိတ်ကင်းသောအားဖြင့် ရှုသိ ဉာဏ်အား ရှေးရှုထင်၏။
၎။ ။ မဂ္ဂသစ္စာသည် ထွက်မြောက်ကြောင်း လက္ခဏာရှိ၏၊ ကိလေသာကို ပယ်ခြင်းကိစ္စရှိ၏ ၊ ထမြောက်သည့်အနေဖြင့် ဉာဏ်အားရှေးရှုထင်၏။
တနည်း = ဤသစ္စာလေးပါးတရားတို့သည် အစဉ်အတိုင်း မပြတ်ဖြစ် နေခြင်း (ပဝတ္တိ)မပြတ်ဖြစ်စေတတ်သော (ပဝတ္တန) ဆုတ်နစ်ရပ်စဲခြင်း (နိဝတ္တိ) ဆုတ်နစ် ရပ်စဲစေတတ်သော (နိဝတ္တန) လက္ခဏာ ရှိကုန်၏။ ထို့အတူ အစဉ်အတိုင်း သင်္ခတလက္ခဏာ, တဏှာလက္ခဏာ, အသင်္ခတလက္ခဏာ, နိဗ္ဗာန်ကိုမြင်ခြင်း ဒဿနလက္ခဏာ ရှိကုန်၏။

အနက်သဘောအားဖြင့်လည်း သစ္စာတရားမြတ်တို့ကို သိထားသင့်ပါသည်၊ အတ္ထအားဖြင့် သစ္စဋ္ဌ- သစ္စာ၏ အနက်သဘောများမှာကား = အကြင်သဘောသည် ပညာမျက်စိဖြင့် စူးစူးစိုက်စိုက် ရှုဆင်ခြင်ကုန် သော ပညာရှိတို့အား မျက်လှည့်ကဲ့သို့ ဖောက်ပြန်မှားယွင်းသည်လည်း မဟုတ်၊ တံလှပ်ကဲ့သို့ ချွတ်ယွင်းစေသည်လည်း မဟုတ်၊ တိတ္ထိတို့၏ အတ္တကဲ့သို့ မရအပ်သော သဘောအထည်ကိုယ် ရှိသည်လည်းမဟုတ် ၊ စင်စစ်အားဖြင့်မူ နှိပ်စက်ခြင်း, အမွန်အစအကြောင်း, ငြိမ်းအေးခြင်း, ထွက်မြောက်ကြောင်း အပြားအားဖြင့် မှန်သည်၏အဖြစ်, မဖောက်ပြန်သည်၏အဖြစ်, အဟုတ်ရှိသည်၏အဖြစ်ဖြင့် အရိယဉာဏ်၏ ကျက်စားရာ အာရုံ ဖြစ်သည်သာတည်း။ မီး၏ပူခြင်းသဘောကဲ့သို့၎င်း, လောက၏ အိုခြင်းစသော ပင်ကိုသဘောကဲ့သို့၎င်း ဤမှန်သော မဖောက်ပြန်သော အဟုတ်ရှိသော သဘောကို သစ္စဋ္ဌ-သစ္စာ၏ အနက်သဘောဟူ၍ သိအပ်၏။
မြတ်စွာဘုရားဟောတော် မူသည်မှာ-''ရဟန်းတို့ ဤသည်ကား ဆင်းရဲတည်းဟူသော ဤသဘောသည်မှန်၏၊ ဤသဘောသည် မချွတ်ယွင်း ဤ သဘောမှာ အခြားအခြင်းအရာမရှိ''
တနည်းသော်ကား-
ဒုက္ခသည် မနှိပ်စက်တတ်သည် မရှိ (နှိပ်စက်တတ်သည် သာတည်း)၊ ဒုက္ခမှတပါးသော တရားသည် မနှိပ်စက်တတ် (ဒုက္ခသည်သာ နှိပ်စက်တတ်၏)၊ ထို့ကြောင့် ဒုက္ခ၌ နှိပ်စက်တတ်ခြင်း၏ ကိန်းသေမြဲခြင်း, နှိပ်စက် တတ်ခြင်း၌ ဒုက္ခ၏ ကိန်းသေမြဲခြင်းအားဖြင့် ဤဒုက္ခကို သစ္စာ-အမှန်တရားဟု ယောဂီများသိမှတ်ရပါမယ်။
သမုဒယသစ္စာ = ထိုတဏှာကို ကြဉ်၍ အခြားတရားကြောင့် ဒုက္ခသည် မဖြစ် (ထိုတဏှာကြောင့်သာ ဖြစ်သည်)၊ ထိုဒုက္ခ သည်လည်း ထိုတဏှာကြောင့် မဖြစ်သည်မဟုတ် (ဖြစ်သည်သာ)၊ ထို့ကြောင့် တဏှာ၌ ဒုက္ခ၏ အကြောင်းဖြစ်ခြင်း ၏ ကိန်းသေမြဲခြင်း ဒုက္ခအကြောင်းဖြစ်ခြင်း၌ တဏှာ၏ ကိန်းသေမြဲခြင်းအားဖြင့် တဏှာကို သစ္စာအမှန်တရားဟု သိအပ်၏။
နိရောဓသစ္စာ = နိဗ္ဗာန်မှတပါး ငြိမ်းအေးခြင်းမည်သည် မရှိ (နိဗ္ဗာန်သည်သာလျှင် ငြိမ်းအေး၏)၊ ထိုနိဗ္ဗာန်သည်လည်း မငြိမ်းအေးသည်မဟုတ် (ငြိမ်းအေးသည်သာတည်း)၊ ထို့ကြောင့် နိဗ္ဗာန်၌ ငြိမ်းအေးခြင်း၏ ကိန်းသေမြဲခြင်း, ငြိမ်းအေးခြင်း၌ နိဗ္ဗာန်၏ ကိန်းသေမြဲခြင်းအားဖြင့် ဤ နိဗ္ဗာန်ကို သစ္စာ-အမှန်တရားဟု သိအပ်၏။
မဂ္ဂသစ္စာ = အရိယမဂ်မှတပါး ထွက်မြောက်ကြောင်း မည်သည် မရှိ (အရိယမဂ်သည်သာ ထွက်မြောက်ကြောင်း ဖြစ်သည်)၊ ထိုအရိယမဂ်သည်လည်း ထွက်မြောက်ကြောင်းမဖြစ်သည်မဟုတ် (ဖြစ်သည်သာတည်း)၊ ဤသို့ မချွတ် ဧကန် ဟုတ်မှန်သော ထွက်မြောက်ကြောင်းဖြစ်ခြင်းကြောင့် ထိုအရိယမဂ်ကို သစ္စာ-အမှန်တရားဟု သမုတ်အပ်ခေါ် ဆိုအပ်၏။


ဤသစ္စာတို့ကိုဘုရားအစရှိကုန်သောအရိယာတို့သည်ထိုးထွင်း၍သိကုန်၏၊ထို့ကြောင့်အရိယာသစ္စာတို့ဟူ၍ဆိုအပ်ကုန်၏။

သံစဉ်..........ဓမ္မစာစု

No comments:

Post a Comment